စီးပွားရေးလုပ်ငန်းများတွင် ကလေးထိန်းအထောက်အပံ့ မရှိခြင်းကြောင့် အမျိုးသမီးလုပ်သားတိုးမြင့်ရေး အဟန့်အတားဖြစ်နေဟု IFC အစီရင်ခံစာကပြော

စီးပွားရေးလုပ်ငန်းများတွင် ကလေးထိန်းအထောက်အပံ့ မရှိခြင်းကြောင့် အမျိုးသမီးလုပ်သားတိုးမြင့်ရေး အဟန့်အတားဖြစ်နေဟု IFC အစီရင်ခံစာကပြော

ရန်ကုန်။        ။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝန်ထမ်းများအတွက် ကလေးသူငယ်ပြုစုစောင့်ရှောက်မှု အထောက်အပံ့များ မထားရှိခြင်းနှင့် ထိုသို့ထောက်ပံ့မှုလိုအပ်သည်ကို သိရှိနားလည်မှု နည်းပါးနေခြင်းတို့သည် မြန်မာနိုင်ငံ၏ လုပ်သားအင်အားစုတွင် အမျိုးသမီးများ ပါဝင်လာနိုင်မှု တိုးမြင့်လာစေရန် အဓိက အဟန့်အတားတစ်ခု ဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ အစီရင်ခံစာသစ်က ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ မြန်မာနိုင်ငံ ကျား/မကဏ္ဍရေးရာခေါင်းဆောင် Ellen Maynes က “အမျိုးသမီးတွေဟာ ကလေးမွေးပြီးနောက်ပိုင်း လုပ်ငန်းခွင်မှ နုတ်ထွက်ဖို့အတွက် ဖိအားတွေ ဆက်တိုက်ခံစား နေရပါတယ်။ အကျိုးဆက်အနေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးအများစုက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ကလေးမွေးဖို့  နောက်ရွှေ့ဆိုင်းတာမျိုး၊ ကလေးမယူတော့တာမျိုးတွေ ပြုလုပ်နေကြပါတယ်။ ကလေးသူငယ်ပြုစုစောင့်ရှောက်မှု တာဝန်ဟာ အမျိုးသမီးတွေမှာသာ ရှိတယ်လို့ စီးပွားရေးလုပ်ငန်းတွေက ထင်နေကြသော်လည်းပဲ ဒီအချက်က မြန်မာနိုင်ငံအတွက် သေချာပေါက် မှန်ကန်မှုမရှိပါဘူး” ဟု ဆိုသည်။

ယခုသုတေသနတွင် ပါဝင်ဖြေဆိုခဲ့သည့် မူကြိုအရွယ်မတိုင်ခင်ကလေးငယ်ရှိသောမိဘများတွင် ၇ ရာခိုင်နှုန်းသာ ပုဂ္ဂလိက ကလေးပြုစုစောင့်ရှောက်ရေးစင်တာကို အသုံးပြုနိုင်ကြသည်ဟုလည်း အစီရင်ခံစာတွင်ပါရှိသည်။
၈၆ ရာခိုင်နှုန်းသော  မိဘများသည် ၎င်းတို့အလုပ်လုပ်ကိုင်နိုင်ရန် အတွက် ကလေးထိန်းပေးရန် ဆွေမျိုးတော်စပ်သူ တစ်ဦးဦးကို အားကိုးရသည်။   

မူကြိုအရွယ်မတိုင်ခင်ကလေးငယ်များနှင့် မိဘများ၏ ၂၂ ရာခိုင်နှုန်းသည် ၎င်းတို့၏ကလေးများနှင့် အတူမနေကြဟု အစီရင်ခံစာက ရေးသားထားသည်။ မိဘများက သူတို့၏ကလေးငယ်များနှင့်ပတ်သက်၍ စိုးရိမ်ကြမှုများတွင် ဘေးကင်းလုံခြုံရေးက ထိပ်ဆုံးကပါရှိပြီး ကျန်းမာရေးက ဒုတိယလိုက်သည်။ ထို့အပြင် ကလေးငယ်များမှ နည်းပညာအသစ်များနှင့် လူမှုသတင်း ကွန်ယက်များကို လက်လှမ်းမီမှု ရှိနေသည့်အတွက်လည်း စိုးရိမ်ကြသည်ဟုလည်း ပါရှိသည်။

စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းများအတွက် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကိုထောက်ပံ့ပေးရန် အကြံပြုထားပြီး မိဘများအနေဖြင့် အလုပ်အပေါ်ပိုမိုစိတ်ဝင်စား လုပ်ဆောင်လာနိုင်ပြီး အလုပ်မှ အာရုံပြန့်နှံ့မှုနည်းစေခြင်းကြောင့် လုပ်ဆောင်မှုစွမ်းအား တိုးမြှင့်နိုင်ခြင်း၊ ဝန်ထမ်းသစ်ဆွဲဆောင်နိုင်ခြင်းနှင့် ဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းတို့ ရနိုင်သည်ဟု ဆိုသည်။  

အိုင်အက်ဖ်စီသည် ကမ္ဘာ့ဘဏ်၏ညီနောင်သားချင်း အဖွဲ့အစည်းဖြစ်ပြီး ထွန်းသစ်စဈေးကွက်စီးပွားရေးနိုင်ငံများတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required