ဗိုလ်ကျော်ဇော ရာပြည့်အခမ်းအနား နှင့် ရာပြည့်အမှတ်တရစာအုပ် ထုတ်ဝေ

ဗိုလ်ကျော်ဇော ရာပြည့်အခမ်းအနား နှင့် ရာပြည့်အမှတ်တရစာအုပ် ထုတ်ဝေ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဒီဇင်ဘာလ ၃ ။            ။ ဗိုလ်မှူးချုပ်ကျော်ဇော၏ ရာပြည့်နှစ်ပတ်လည် အခမ်းအနား နှင့် ရာပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ကျော်ဇော ရာပြည့်အမှတ်တရ စာအုပ် ထုတ်ဝေခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ရှိ Yangon Book Plaza တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ကျော်ဇောသည် ၁၃၀၀ ပြည့် အရေးတော်ပုံမှ စတင်ပြီး နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ကာ ရဲဘောသုံးကျိပ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် တရုတ်ဖြူကူမင်တန်တပ်များ ကို တိုက်ထုတ်ရာတွင် ထူးချွန်ပြောင်မြောက်ခဲ့သည့် တပ်မှူးတစ်ဦးလည်း ဖြစ်သည်။

"ဦးလေးကတိုင်းပြည်၊ လူမျိုးအတွက် ဒီစိတ်ဓာတ်တစ်ခုထဲနဲ့ နစ်မြှပ်သွားတာပါ။ တိုင်းပြည်ကလည်းချစ်ကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဦးလေးနဲ့ပတ်သက်တဲ့လူတွေအားလုံး က သိုသိုဝှက်ဝှက်အေးအေးဆေးဆေးနေခဲ့ကြရတာပါ။ ပေါ်ပေါ်ထင်ထင်အဝန်းအဝိုင်းနဲ့ ဒီလိုနေရာတွေ ၊ဒီလိုပြောခွင့်ဆိုခွင့်အခါမဟုတ်ပါဘူး။ အခုလိုအချိန်ကြမှ ဦးလေးရဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်ဓာတ် ကိုစာအုပ်တွေလည်းပေါ်လာတယ်။ ဦးလေးကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိ ဦးလေးသမီးရေးတဲ့စာအုပ်တွေကလည်းပေါ်လာတော့ တတိုင်းပြည်လုံးသိလာကြတာပါ "  ဟု ဗိုလ်မှူးချုပ်ကျော်ဇော ၏ အစ်ကိုဖြစ်သူ ဦးပု ၏ သား ဦးကံသိမ်း က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားတွင် ဗိုလ်မှူးချုပ်ကျော်ဇော ၏ ကျစ်ရစ်သူမိသားစုဝင်များက ရာပြည့်အခမ်းအနားသို့ပေးပို့သည့်စာတမ်းဖတ်ကြားခြင်း ၊ မုံရွာအောင်ရှင်မှာ အမှတ်တရစကားပြောကြားခြင်း စသည့်စာပေလောကအသီးသီးမှ စာရေးဆရာများ နှင့် နိုင်ငံရေးစိတ်ဝင်စားကြသူများ က တက်ရောက်ခဲ့ကြသည်။

" နိုင်ငံရေးလုပ်မယ့်လူငယ်တွေ နဲ့ စီးပွားရေးလုပ်မယ့်လူငယ်တွေ တစ်ခြားပညာရှင်တွေအနေဖြင့် သမိုင်းဆိုတာအရမ်းအရေးကြီးပါတယ်။ သိထားဖို့လိုပါတယ်။ မှန်ကန်တဲ့သမိုင်းကို သိထားဖို့က ပိုပြီးအရေးကြီးပါတယ်။ အလိမ်အညာသမိုင်းတွေထက် ဘက်ပေါင်းစုံ ကနေ ဒီစာအုပ်ကပဲ အခုထုတ်လိုက်တဲ့စာအုပ်ကပဲ အမှန်လို့မမှတ်ယူစေချင်ပါဘူး။ ဘက်ပေါင်းစုံက ရေးသားတဲ့စာတွေကို ကိုယ့်ဦးနှောက်နဲ့စဉ်းစားပြီး ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်လည်းဆိုတာသုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်စွမ်းကိုရသွားတဲ့လူတွေက တိုင်းပြည်ကို ဦးဆောင်လာမယ်ဆို တိုင်းပြည်က ဒီထက်အများကြီးဖွံ့ဖြိုးတိုးတက်လာမှပါ " ဟု ဗိုလ်ကျော်ဇောအမှတ်တရ စာအုပ်ထုတ်ဝေသူ ငါတို့စာပေ မှ ကိုမြေမှုန်လွင် က ပြောသည်

ဗိုလ်မှူးချုပ်ကျော်ဇော အနေဖြင့် အသက်၁၉ နှစ်သားအရွယ်မှစတင်ပြီး ၁၃၀၀ရာပြည့်အရေးတော်ပုံ တွင် နိုင်ငံရေးနယ်ပယ် မှာစတင်ပါဝင်ခဲ့သူဖြစ်ပြီး သခင်ရွှေအမည်ဖြင့် ရဲဘောသုံးကျိပ်အဖွဲ့ဝင်ဖြစ်လာခဲ့ကာ ၁၉၄၄ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသို့ဝင်ရောက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် တိုင်းလေးတိုင်း ၏ တိုင်းမှူးအဖြင့်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူကူမင်တန်တပ်များ ၏ ကျူးကျော်ဝင်ရောက်မူကို တိုက်ထုတ်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
၁၉၅၇ အသက် ၃၈ နှစ်အရွယ်တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ ၁၉၆၂ ခုနှစ်အထိ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

အသက် ၉၂ နှစ်အရွယ် တွင် ဗိုလ်မှူးချုပ်ကျော်ဇော အနေဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required