ဘူတာရုံနှင့်ကားမှတ်တိုင်အကြား ချိတ်ဆက်ပေးမည့် အသေးစားစီမံကိန်းတစ်ခုကို သမိုင်းဘူတာရုံတွင် စတင်

02 December 2019
ဘူတာရုံနှင့်ကားမှတ်တိုင်အကြား ချိတ်ဆက်ပေးမည့် အသေးစားစီမံကိန်းတစ်ခုကို သမိုင်းဘူတာရုံတွင် စတင်

ရန်ကုန်မြို့အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှ အဆင်ပြေ ချောမွေ့စေရန် မြို့ပတ် မီး ရထားနှင့် ဘတ်စ်ကား မှတ်တိုင်တို့အကြား ယာဉ်လမ်းကြောင်း ပြေးဆွဲမှု အခြေအနေများကို ပြသပေးနိုင်မည့် အသေးစား စီမံကိန်းအား ပထမဦးဆုံးအနေဖြင့် သမိုင်းရထားဘူတာရုံမှာ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသေးစား စီမံကိန်းတွင် သမိုင်းရထားဘူတာရုံ၌ ယာဉ်လမ်းကြောင်း ပြေးဆွဲမှု လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားမည်ဖြစ်ပြီး မြို့ပတ်ရထားစီး ခရီးသည်များအနေနှင့် သမိုင်းဘူတာ ကားမှတ်တိုင်က တဆင့် YBS ယာဉ်လိုင်းများ ပြေးဆွဲမှုလမ်းကြောင်းနှင့် ဂိတ်ဆုံး မှတ်တိုင်များ၊ အချိန်ဇယား၊ ယာဉ်လိုင်း နံပါတ်များနှင့် မြို့ပတ် ရထား ပြေးဆွဲမှု အချိန်ဇယားများ ပါဝင်မှာ ဖြစ်သည်။

ယခု အသေးစား စီမံကိန်းအား ယာဉ်တစ်ခုနှင့်တစ်ခုကြား ပြောင်းလဲစီးနင်း၍ ခရီးကြာချိန် လျှော့ချနိုင်ရန်နှင့် သွားလာ လှုပ်ရှားမှုနယ်ပယ် ချဲ့ထွင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ မြန်မာ့မီးရထား၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် JICA တို့မှ ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကား ဝန်ဆောင်မှု အဆင့် မြှင့်တင်ခြင်း စီမံကိန်းအဖြစ် ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

JICA မှ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး သုံးနှစ်တာကာလ စီမံကိန်းအား ၂၀၁၈ ခုနှစ်မှ ၂၀၂၀ အထိ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်မှုများကို ဗဟာဗန္ဓုလပန်းခြံရှေ့ ကားမှတ်တိုင်နှင့် သင်္ဃန်းကျွန်း စံပြဈေး ကားမှတ်တိုင်တို့တွင် အကောင်အထည်ဖော်ခဲ့ပြီး သမိုင်းဘူတာရုံနှင့် ကားမှတ်တိုင်တို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြို့ပတ်ရထားနှင့် ချိတ်ဆက်မှု၊ ဘတ်စ်ကား မှတ်တိုင် အဆင့်မြှင့် တင်မှု၊ လူကူးမျဉ်းကျား ရေးဆွဲမှုနှင့် အငှားယာဉ်များ ရပ်နားနိုင်မည့် နေရာများ အကောင်အထည် ဖော်ဆောင်ခဲ့သည်ဟု သိရသည်။

သမိုင်းဘူတာရုံတွင် နေ့စဉ်မြို့ပတ်ရထားစီးနင်းသူ ခရီးသည် ၁၂၀၀ ခန့်ရှိပြီး ပြေးဆွဲမှု အကြိမ်ရေ ၅၀ ခန့် ရှိပြီး သမိုင်းဘူတာရုံမှ ရန်ကုန်ဘူတာကြီးသို့ နေ့စဉ် နံနက် ရး၃၀ နာရီခွဲမှ ည ရး၃၀ နာရီခွဲအထိ ပြေးဆွဲ လျက်ရှိသည် ဟု သိရသလို ယခု အသေးစား စီမံကိန်းအတွက် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း အသိပညာပေး လုပ်ငန်းများကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

ရိုက်ကူး / တည်းဖြတ် - ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required