ONE: Mark of Greatness ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် ထူးခြားချက် ၄ ချက်

ONE: Mark of Greatness ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် ထူးခြားချက် ၄ ချက်

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများ ကျင်းပနေသည့် ONE Championship ၏ ၂ဝ၂ဝ ခုနှစ် အတွင်း နောက်ဆုံး ပြိုင်ပွဲ ဖြစ်သော ONE: Mark of Greatness ကို လာမည့် ဒီဇင်ဘာ ၆ ရက်တွင် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပတော့မည် ဖြစ်သည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ဆိုသည့်အဆိုင်း အကောင်းဆုံး တွဲဆိုင်းများ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားသည့် အဆိုပါ ပြိုင်ပွဲကြီး၏ စိတ်ဝင်စားဖွယ် ထူးခြားချက်များ အကြောင်း ထုတ်နုတ်တင်ပြ လိုက်ရပါသည်။

(၁) Kickboxing ချန်ပီယံသစ် နှစ်ဦး ထွက်ပေါ်နိုင်ခြင်း

ဒီဇင်ဘာ ၆ တွင် ကျင်းပမည့် Mark of Greatness ပြိုင်ပွဲ၏ အထူးခြားဆုံး အချက်တစ်ချက်မှာ ONE Championship တွင် ယခင်က ချန်ပီယံ မရှိဖူးသေးသည့် ဝိတ်တန်းနှစ်ခု၏ ချန်ပီယံသစ် နှစ်ဦး တစ်ပြိုင်တည်း ထွက်ပေါ် လာနိုင်ခြင်း ဖြစ်သည်။ ယင်းဝိတ်တန်း နှစ်တန်းမှာ Kickboxing စတောဝိတ်တန်းနှင့် ဘင်တန်ဝိတ်တန်းတို့ ဖြစ်ကြပြီး အဆိုပါ ချန်ပီယံ လုပွဲများကို ယခုပြိုင်ပွဲ၏ ခေါင်ပွဲနှင့် ဒုတိယ ခေါင်ပွဲတို့ အဖြစ် သတ်မှတ်ထားသည်။

အဓိကတွဲဆိုင်းတွင် ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံဟောင်း Sam-A Gaiyanghadao သည် Enfusion ပြိုင်ပွဲ၏ ကမ္ဘာ့ ချန်ပီယံ တရုတ် ကစားသမား “Golden Boy” Wang Junguang နှင့် စတောဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံ လုရမည် ဖြစ်သည်။ ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၄ဝဝ ကျော် ကစားခဲ့ပြီး ပြည်တွင်း ပြည်ပ ချန်ပီယံ ခါးပတ် အမြောက်အမြား သိမ်းပိုက်ခဲ့သည့် ထိုင်းဂန္တဝင် ကစားသမားကြီး Sam-A သည် ယခုနှစ်ပိုင်း အတွင်း တဟုန်ထိုး လက်စွမ်းတက် လာသည့် တရုတ်လူငယ် ကစားသမား Wang ကို မည်သို့ ရင်ဆိုင်မည် ဆိုသည်က စိတ်ဝင်စားဖွယ် ကောင်းသည်။ ထို့ပြင် ONE ဘင်တန်ဝိတ်တန်း Kickboxing ချန်ပီယံ ခါးပတ်အတွက် ကမ္ဘာ့ ချန်ပီယံ ခါးပတ်များ ကိုယ်စီ သိမ်းပိုက်ထား ကြသည့် လူငယ် ကစားသမား နှစ်ဦး ဖြစ်သော Alaverdi “Babyface Killer” Ramazanov နှင့် “Muay Thai Boy” Zhang Chenglong တို့ အပြိုင် လုကြမည် ဖြစ်သည်။

(၂) မြန်မာ ကစားသမား တီရဲလ်ထန်၏ ဒုတိယမြောက်ပွဲ

ONE Championship ၏ မြန်မာ ကိုယ်စားပြု ကစားသမားများ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သော ချင်းလူမျိုး “နဂါးခြေထောက်” တီရဲလ်ထန်သည် ယခုပြိုင်ပွဲကြီးတွင် တောင်ကိုရီးယား အားကစား သမား Kim “The Kid” Woon Kyoum နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်း၏ ဒုတိယမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ် ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် တီရဲလ်ထန်သည် အပျော်တမ်း ကစားသမား ဘဝတွင် ၃ ပွဲနိုင်၊ ၃ ပွဲရှုံး ရလဒ် ရရှိခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် ONE Championship ပွဲဦးထွက် ခဲ့သည့် တီရဲလ်ထန်သည် ပြိုင်ဘက် ကစားသမား Rin Saroth ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ချင်းနပန်း၊ အနောက်တိုင်း နပန်း၊ တိုက်ကွမ်ဒိုနှင့် အနောက်တိုင်း လက်ဝှေ့ ပညာများ တတ်မြောက်သည့် တီရဲလ်ထန် အနေဖြင့် ၈ လကြာ ပြင်ဆင်ခဲ့ ရသည့် ယခုပွဲကို အကောင်းဆုံး ပုံစံဖြင့် ယှဉ်ပြိုင်နိုင်ဖွယ် ရှိနေသည်။ ၎င်း၏ ပြိုင်ဘက် Kyoum သည် DEEP၊ GRACHAN FIGHT ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင် ခဲ့ဖူးကာ ဂျူဒို၊ နပမ်း၊ ကရာတေး၊ ဂျူဂျစ်ဆု ပညာရပ်များ တတ်မြောက်သူ ဖြစ်သည်။ ONE Warrior Series တွင် လက်စွမ်း ပြနိုင်သဖြင့် ONE Championship သို့ ရောက်ရှိလာသူ Kyoum က တီရဲလ်ထန် အတွက် ခက်ခဲသည့် ပြိုင်ဘက် ဖြစ်လာနိုင်ပြီး အကြိတ်အနယ် ရှိမည့် ပွဲတစ်ပွဲ ဖြစ်သည်။

(၃) မလေးရှား ထိပ်တန်း ကစားသမားများ စုံလင်ခြင်း

ယခုပြိုင်ပွဲတွင် မလေးရှားမှ နာမည်ကြီး ထိပ်တန်း ကစားသမားများ ဖြစ်သော Jihin “Shadow Cat” Radzuan, Agilan ”Alligator” Thani နှင့် “Jungle Cat” Muhammad Aiman တို့ စုံလင်စွာ ပါဝင်နေခြင်း ကလည်း ယခုပြိုင်ပွဲ၏ ထူးခြားချက် တစ်ခု ဖြစ်သည်။ မလေးရှား/နယူးဇီလန် ကစားသမား Ev “ET” Ting က ပြီးခဲ့သည့် လကပင် တစ်ပွဲ ကစားထားပြီး ဖြစ်သဖြင့် Subba ညီအစ်ကို များမှ လွဲ၍ မလေးရှား ကစားသမား လူစုံတက်စုံ ပါဝင်နေသည်ဟု ဆိုနိုင်သည်။ အိမ်ကွင်းတွင် ကစားရသည့် ပွဲတိုင်းကို အနိုင်ရထားသည့် Radzuan သည် ယခုပြိုင်ပွဲတွင် ရှုံးပွဲလုံးဝ မရှိသေးသည့် မျက်နှာသစ် ကစားသမား ဖိလစ်ပိုင်သူ Denice “The Menace Fairtex” Zamboanga နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ရုပ်ရည်ရော လက်စွမ်းပါ မခေသည့် အမျိုးသမီး ကစားသမား နှစ်ဦး ထိပ်တိုက်တွေ့သည့် ပွဲဖြစ်သဖြင့် ပရိသတ်များ စိတ်ဝင်စားမည့် ပွဲမျိုး ဖြစ်သည်။

မလေးရှား၏ အကောင်းဆုံး ကစားသမား တစ်ဦးဟု သတ်မှတ် ခံရသူ Thani သည်လည်း Redzuan ကဲ့သို့ပင် ရှုံးပွဲမရှိ မျက်နှာသစ် ကစားသမား နောက်တစ်ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ အမေရိကန်သား Dante Schiro ဖြစ်ကာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွင် ၆ ပွဲဆက် အနိုင်ရထားသူ ဖြစ်သည်။ နောက်ထပ် မလေးရှား ကစားသမား တစ်ဦး ဖြစ်သည့် Aiman မှာမူ တရုတ် လူငယ် ကစားသမား Chen “The Ghost” Rui နှင့် တွေ့မည် ဖြစ်သည်။ Chan သည်လည်း ကစားသမား ဘဝတွင် ၇ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးမှ နောက်ဆုံး တစ်ပွဲသာ ရှုံးနိမ့်ထားသူ ဖြစ်သည်။

(၄) ရှုံးပွဲမရှိသေးသော မျက်နှာသစ် ကစားသမားများ

Mark of Greatness ပြိုင်ပွဲတွင် ယခင်က ONE Championship ပြိုင်ပွဲ တစ်ခါမှ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသည့် မျက်နှာသစ် ကစားသမား ၅ ဦးအထိ ပါဝင်နေပြီး ၎င်းတို့အနက် ၄ ဦးမှာ ရှုံးပွဲမရှိသေးသည့် ကစားသမားများ ဖြစ်နေခြင်း ကလည်း ယခုပြိုင်ပွဲ၏ ထူးခြားချက် တစ်ခု ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ပါဝင်လာသည့် Denice Zamboanga, Dante Schiro, Bokang “Little Giant” Masunyane, Kim Woon Kyoum နှင့် Rayane Bastos တို့သည် ယခင်က ONE Championship ကို ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးခြင်း မရှိသူများ ဖြစ်ကြသည်။ ၎င်းတို့ အနက် ONE Warrior Series မှ တက်လာသည့် Kyoum က လွဲ၍ ကျန်ကစားသမားများ အားလုံး ရှုံးပွဲလုံးဝ မရှိသေး သူများ ဖြစ်ကြသည်။

အိမ်ရှင် ကစားသမား Redzuan နှင့် ရင်ဆိုင်ရမည့် Zamboanga သည် ဖိလစ်ပိုင် ပြည်တွင်း ပြိုင်ပွဲများတွင် ၅ ပွဲဆက်တိုက် အနိုင်ရကာ ရှုံးပွဲ မရှိသေးသူ ဖြစ်သည်။ နောက်ထပ် အိမ်ရှင် ကစားသမား တစ်ဦးဖြစ်သည့် Thani နှင့် ရင်ဆိုင်ရမည့် Schiro သည်လည်း ၆ ပွဲ ဆက်တိုက် အနိုင်ရကာ ရှုံးပွဲမရှိသူ ဖြစ်သည်။ တောင်အာဖရိက ကစားသမား Musunyane မှာမူ ဂျပန်မှ Ryuto “Dragon Boy” Sawada နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ၎င်းသည်လည်း အာဖရိက ပြည်တွင်း ပြိုင်ပွဲများနှင့် ဂျပန် Pancrase ပြိုင်ပွဲတွင် ရှုံးပွဲမရှိ ၆ ပွဲဆက် နိုင်ထားသည်။ နောက်ထပ် ရှုံးပွဲမရှိသူမှာ ကမ္ဘောဒီးယား/အမေရိကန်သူ Sovannahry "The Sweet Savage" Em နှင့် ရင်ဆိုင်မည့် ဘရာဇီးသူ Bastos ဖြစ်ကာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ပိုင်ဆိုင်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly