ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်မည် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်မည် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်။   ။ ဒီဇင်ဘာ ၂ရက် ။        ။ ရန်ကုန်တက္ကသိုလ်ကိုပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းများအားစနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းကာမဟာစီမံကိန်း Master Plan တစ်ခု ရေးဆွဲ အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်သော ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများအဖြစ်နဲ့  မဟာဌာနစနစ်ကို ထူထောင်ဖို့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံ ပြင်ဆင်ဖို့ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲဖို့ စတဲ့ လုပ်ငန်းတွေကို စီမံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါအပြင် အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာစေဖို့ နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတကာ တက္ကသိုလ်များနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ဖြစ်စေဖို့ ကျောင်းသားများ ရွေ့ပြောင်း ပညာသင်ယူရေးကိစ္စတွေမှာ လွယ်ကူချောမွေ့ အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းတွေ မူဝါဒ တွေကို ပြုပြင် ပြောင်းလဲ သွားမယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်အားပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးစီးကော်မတီတို့ဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုသည်။

မဟာစီမံကိန်းအရရန်ကုန်တက္ကသိုလ်၏ ဖွဲ့စည်းပုံ စီမံခန့်ခွဲမှုကိစ္စများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များအားတိုးတက် ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့် ဆီလျော်ညီညွတ်မှုရှိစေရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဒေါ်အောင်ဆန်းစုကြည်က “အတွင်းပညာ အရည်အသွေး အာမခံမှုစနစ်ကို ထူထောင်ရေး စီမံကိန်းတွေ၊နိုင်ငံ့ အကျိုးပြု အသုံးချ သုတေသန လုပ်ငန်းတွေ၊ တခြား နိုင်ငံတက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အစီ အစဉ်တွေ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို ခေတ်ရဲ့လိုအပ်ချက်နဲ့အညီElectronic စာကြည့်တိုက် E-library အဖြစ် ပြုစု ပျိုးထောင်မယ့် အစီအစဉ်တွေကိုလည်း တွေ့ရပါလိမ့်မယ်”ဟု ပြောကြားသည်။

ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် တက္ကသိုလ်ဝန်းကျင်တွင်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ၊ကျောင်းသူဟောင်းများနှင့် မိဘပြည်သူတို့၏ ဆန္ဒနှင့်အညီ ရန်ကုန်တက္ကသိုလ်၏  သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်၊ သမိုင်းဝင် အဆောက်အအုံများ မထိခိုက်စေရန် ဆောင်ရွက်ကြရမည်ဟုလည်း ၎င်းက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly