ယူရို ၂၀၂၀ ပြိုင်ပွဲအုပ်စုအဆင့် မဲခွဲပွဲအခမ်းအနားကို ရိုမေးနီးယားနိုင်ငံ၊ စတူအာဘူခါရက်မြို့မှာ စနေနေ့က ကျင်းပခဲ့ရာ ဂျာမနီနဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီတို့ တွေ့ဆုံနေပြီးနောက် ပြင်သစ်အသင်းကလည်း ဒီအသင်းတွေနဲ့အတူ တစ်အုပ်စုတည်း ကျရောက်တာကြောင့် ဒီအုပ်စုကို မရဏအုပ်စုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ယူရိုပြိုင်ပွဲကို အသင်းပေါင်း (၂၄)သင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး လက်ရှိ ခြေစစ်ပွဲအောင်မြင်ပြီးသား အသင်း (၂၀)ရှိနေပြီး လက်ကျန် (၄)သင်းကတော့ UEFA Nation League ရဲ့ ရပ်တည်မှုအရ Play-off ကစားအပြီးမှ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အုပ်စုမဲခွဲမှုအရ ဂျာမနီအသင်းကတော့ သူတို့ရဲ့အုပ်စု (F) ပွဲစဉ်အားလုံးကို မြူးနစ်မှာ ကစားသွားမှာဖြစ်ပြီး ပထမဆုံးပွဲစဉ်ကို ဇွန်လ (၁၆)ရက်မှာ ပြင်သစ်နဲ့ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ဒီ့နောက် ဇွန်လ (၂၀)ရက်မှာ ပေါ်တူဂီနဲ့ ဆက်ကစားရမှာဖြစ်ပါတယ်။
"ဒီအုပ်စုက အခက်ခဲဆုံးအုပ်စုပါ။ ဒါပေမယ့် ကျနော်တို့ ဒါကို လက်ခံရမှာပါ။ ဆိုလိုတာက ကျနော်တို့ ချက်ချင်းအဆင်သင့်ဖြစ်ဖို့ လိုလာပါလိမ့်မယ်။"လို့ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်စ်က ပြောပါတယ်။
Play-off လမ်းကြောင်း (A)က အစ္စရေး၊ ရိုးမေးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ ဟန်ဂေရီတို့ထဲက ဗိုလ်စွဲတဲ့တစ်သင်းက အုပ်စု (F) မှာ ကျရောက်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်မှာ ပြင်သစ်အသင်းက ဂျာမနီကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပေမယ့် ဗိုလ်ပွဲမှာတော့ ပေါ်တူဂီအသင်းကို အရှုံးပေးခဲ့ရပါတယ်။
"ဂျာမနီအသင်းက ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်ကနေ ပိုပြီး အားကောင်းလာပါတယ်။ သူတို့ဟာ အုပ်စုအတွင်း ရေပန်းစားဆုံးဖြစ်ပါတယ်။"လို့ ပြင်သစ်နည်းပြက ပြောပါတယ်။
အခြားအသင်းတွေဖြစ်တဲ့ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီတို့ကတော့ အုပ်စုချောင်နေပြီး အင်္ဂလန်အသင်းကတော့ အုပ်စု (D)မှာ ခရိုအေးရှား၊ ချက် Play-off winner C တို့နဲ့ ကျရောက်နေပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်မယ်ဆိုရင် ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ အသင်းတစ်သင်းနဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲကို ဥရောပမြို့ကြီး(၁၂)မြို့မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ(၁၂)ရက်ကနေ ဇူလိုင်လ(၁၂)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲမှု
အုပ်စု (A) - တူရကီ၊ အီတလီ၊ ဝေးလ်စ်၊ ဆွစ်ဇာလန်
အုပ်စု (B) - ဘယ်လ်ဂျီယံ၊ ဖင်လန်၊ ရုရှား၊ ဒိန်းမတ်
အုပ်စု (C) - နယ်သာလန်၊ ယူကရိန်း၊ သြစတြီးယား၊ Play-off Winner D
အုပ်စု (D) - အင်္ဂလန်၊ ခရိုအေးရှား၊ ချက်၊ Play-off Winner C
အုပ်စု (E) - စပိန်၊ ပိုလန်၊ ဆွီဒင်၊ Play-off Winner B
အုပ်စု (F) - ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမဏီ၊ Play-off Winner A