ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်စေသည့်အချက်များကို သက်ဆိုင်သူများထံအိတ်ဖွင့်စာပေးပို့

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်စေသည့်အချက်များကို သက်ဆိုင်သူများထံအိတ်ဖွင့်စာပေးပို့
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀။     ။ လက်ရှိကြုံတွေ့နေရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်စေသည့်အချက်များပါဝင်သည့် အိတ်ဖွင့် ပေးစာကို  သက်ဆိုင်ရာတာဝန်ရှိသူများထံ အရပ်ဖက်အဖွဲ့အစည်းများက ပေးပို့ခဲ့ကြကြောင်း သိရသည်။

“ဒီလုပ်ငန်းပိုင်းဆိုင်ရာမှာ တကယ်လုပ်ဆောင်နေသူတွေကို တွန်းအားပေးစေတာက တစ်ကြောင်း၊ တစ်ဖက်က သူတို့လိုအပ်နေတာကို ကျွန်မတို့ ဖော်ထုတ်တာပါ။ ပြည်သူလူထုတွေရဲ့ အနေအထားမှန်ကို ဖော်ပြပေးစေ ချင်တာ တစ်ကြောင်းစတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်” ဟု AGIPP မှ ဒေါ်ဘန်ဆိုင်းဘူက ပြောသည်။

၂၃ ကြိမ်မြောက် အရပ်ဖက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့၊ House of Orchid တွင်ပြုလုပ်ခဲ့ပြီး ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

 

ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်လာရခြင်းနှင့် ဒေသအတွင်းစီမံကိန်းလုပ်ငန်းကြောင့် ပြောင်းရွှေ့နေထိုင်ရခြင်းများ ကြုံတွေ့ နေရပြီး အဆိုပါကိစ္စများကြောင့် အသက်ဆုံးရှုံးခြင်းနှင့် မသန်စွမ်းဖြစ်ရသည့်အပေါ် တာဝန်ခံဖြေရှင်းပေးမှု ကင်းမဲ့နေကြောင်း အိတ်ဖွင့်စာတွင် တင်ပြထားသည်။

 “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မေအာင်မြင်စေမယ့် လမ်းကြောင်းကတော့ ကျွန်မတို့ ရခိုင်ပြည်နယ်က အပွင့်လင်း ဆုံးပြောရရင် ကျွန်မတို့ ပြည်နယ်မှာ ဘာအခက်အခဲရှိလဲလို့တော့ မမေးပါနဲ့။ အားလုံး ဘက်ပေါင်းစုံက အခက် အခဲရှိတယ်။ ကျွန်မတို့မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ခံထားရတာ ရှိနေတုန်းပဲ။ ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲတွေ မရှိဘဲလည်း လက်နက်ကြီးပစ်တာတွေလည်း ရှိနေတယ်။ မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေတယ်။ ဒီဒုက္ခတွေကို ကျွန်မတို့ ရခိုင်လူမျိုးတစ်ခုပဲ ခံရတာမဟုတ်ဘူး။ ခမီး၊ သက်၊ မွတ်စလင်စတဲ့ အသိုင်းအဝိုင်းတွေ ကလည်း အားလုံးတန်းတူခံနေရတယ်။ လွတ်လပ်စွာသွားလာခွင့်လည်း မရှိဘူး” ဟု ၂၃ ကြိမ်မြောက် ငြိမ်းချမ်းရေးဖိုရမ်တွင်ပါဝင်ဆွေးနွေးခဲ့သော ရခိုင်ပြည်နယ်ကိုယ်စားလှယ် ဒေါ်ညိုအေးက ပြောသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် ပဋိပက္ခအတွင်း နှစ်ဖက်တပ်ဖွဲ့များ၏ တပ်စခန်းများတိုးချဲ့ခြင်း၊ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်ခြင်း၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းတို့ကြောင့် လူထုအပေါ် စိုးရိမ်ပူပန်မှု ပိုမို ဖြစ်ပေါ် စေကြောင်း၊ မြန်မာ့တပ်မတော်မှ နယ်မြေအကန့်အသတ်နှင့် အပစ်ရပ်ကာလ သတ်မှတ်ခြင်းသည် အားလုံး ပါဝင်နိုင်သော NCA လမ်းကြောင်း ဖော်ဆောင်ရန် အဟန့်အတားဖြစ်စေကြောင်း ၊ နှစ်ဖက်တပ်ဖွဲ့များမှ ဒေသခံပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုများပြားလာခြင်း အပါအဝင် ပြည်တွင်း အခြေအနေများကြောင့် ပြည်သူလူထုအပေါ် ထိခိုက်မှု အခြေအနေများကို အရပ်ဖက်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၃ ကြိမ်မြောက်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နေ့တွင် နှစ်ရက်ကြာကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ကွန်ရက်အဖွဲ့အစည်းစုစုပေါင်း ၁ဝ၆ ဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ကြကာ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတင်ပြဆွေးနွေးမှုများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ PPST အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌတို့ကို အိတ်ဖွင့်စာပေးပို့ ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲအပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ချိတ်ဆက် တိုက်တွန်းမှုများလည်း ပါဝင်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly