ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သော မြန်မာနိုင်ငံသားနှစ်ဦး ပြန်လည်ရောက်ရှိမည်

ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သော မြန်မာနိုင်ငံသားနှစ်ဦး ပြန်လည်ရောက်ရှိမည်
ဓာတ်ပုံ -  Motourlogue

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ ။        ။ မြန်မာနိုင်ငံမှ ကမ္ဘာပတ်ဆိုင်ကယ်စီးသူနှစ်ဦးဖြစ်သည့် ကိုစိုင်းဇွမ်ဖနှင့် ကိုအောင်ကျော်ဝင်းတို့သည် ၎င်းတို့ ခရီးစဉ်စတင်တာထွက်ခဲ့သည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်သို့ (ယနေ့) နိုဝင်ဘာလ ၃ဝ ရက်နေ့ ညနေတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 “ဒီနေ့ဟာ ကျွန်တော်တို့တွေ ထွက်ခွာခဲ့ရာ ရန်ကုန်မြို့ကို အရောက်မောင်းမဲ့နေ့ပဲ ဖြစ်ပါတယ်။ စတင်ခဲ့ရာ မြတ်ရွှေတိဂုံရှေ့ ပြည်သူ့ရင်ပြင်ကို ပြန်လည်ပြီး Touch Down လုပ်ပါ့မယ်” ဟု ၎င်းတို့၏ ကမ္ဘာပတ်ခရီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝေမျှလေ့ရှိသည့် လူမှုကွန်ယက်ပေ့ချ် Motourlogue တွင် ရေးသားထားသည်။

 ၎င်းတို့ နှစ်ဦးသည် မြန်မာနိုင်ငံမှ ယူကေသို့ မိုင်ပေါင်းသုံးသောင်းခွဲခရီးစဉ်ကို ဆိုင်ကယ်ကိုယ်စီဖြင့် ခရီးနှင်ခဲ့ကြပြီး ယူကေ၊ လန်ဒန်မြို့များအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံကို ဖြတ်သန်းမောင်းနှင်ကာ ၆ လအကြာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါနှစ်ဦးသည် အိန္ဒိယနိုင်ငံမှ တစ်ဆင့် တမူးမြို့၊ ကလေးမြို့၊  ပုဂံနှင့် နေပြည်တော်ကို ဖြတ်သန်း မောင်းနှင်ပြီး ရန်ကုန်သို့ ဦးတည်မောင်းနှင်လာပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ချစ်သော အမိမြန်မာပြည် သို့ရောက်ရှိပါပြီ။ လာကြိုတဲ့ သူငယ်ချင်း တွေနဲ့ အတူ ရန်ကုန်သို့ ဦးတည်လာပါမယ်” ဟု Motourlogue တွင် ရေးသားထားသည်။

ဆိုင်ကယ်စီးဝါသနာရှင်နှစ်ဦးဖြစ်သည့် ကိုစိုင်းဇွမ်ဖနှင့် ကိုအောင်ကျော်ဝင်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က ဆိုင်ကယ်တစ်စီးနှင့် ကမ္ဘာပတ်ခဲ့ကြသော မြန်မာနိုင်ငံ သစ်တောအရေးပိုင် ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့ နောက်ပိုင်း ဒုတိယမြောက် ဆိုင်ကယ်နှင့် ကမ္ဘာပတ်ခဲ့ကြသော မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

 ထိုသို့ ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ပြီး ပြန်လည်ရောက်ရှိလာသူနှစ်ဦးက ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်ဝေမျှသွားမည်ဖြစ်ပြီး အခမ်းအနားကို အင်းယားလမ်းရှိ ရန်ကုန်ရွက်လှေအသင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly