ပြည်တော်ပြန် မြန်မာနိုင်ငံဖွား ဆရာဝန်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများကို ဖြေလျော့ပေးမည်

ပြည်တော်ပြန် မြန်မာနိုင်ငံဖွား ဆရာဝန်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများကို ဖြေလျော့ပေးမည်

နေပြည်တော်၊ နိုဝင်ဘာ၂၉။           ။ မြန်မာနိုင်ငံတွင်း အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ (Permanent Resident ) မူလ မြန်မာနိုင်ငံဖွား ပြည်ပပြန် ဆရာဝန်များအပေါ် ကန့်သတ်ထားသည့် ချုပ်ချယ်မှုများကို ဖြေလျော့ပေး သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ မူလ မြန်မာနိုင်ငံသား ဆရာဝန်ကြီးများနှင့် ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်မှုများကို အခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းနိုဝင်ဘာ ၂၉ ရက်  နေ့ကကျင်းပ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမတ် ဒေါက်တာ သန်ဝင်းမေးမြန်သည့် မေးခွန်းနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

 

“ကျွန်တော့်ကို လူကြီးကလည်း ပြောထားပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာဆရာဝန်တွေ ကို လာအောင် ဆွဲဆောင်ပါတဲ့ ။ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့ အတိုင်းပါပဲ လာလို့ရှိရင် ကျွန်တော်တို့က နိုင် ငံခြားမှာဖြစ်ပေါ်နေတဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ကုသထုံးတွေ ကျွန်တော်တို့ သိမယ်။ ကျွန်တော်တို့ သင်တန်းတက်နေတဲ့ ဆရာဝန်တွေ ဆေးကျောင်းသားတွေကို သင်ပေးနိုင်မယ်။ Workshop တွေ လုပ်မယ် ဆိုရင် ကျွန်တော်တို့ အတွက်က အများကြီးရှိပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ အတွက်က ကမ္ဘာ အရပ်ရပ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ အားလုံးသိမှာဖြစ်ပါတယ်” ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

လက်ရှိတွင် ပြည်ပ နိုင်ငံသား ဆရာဝန်များအတွက် တစ်လကိုခြောက်သိန်းကောက်ခံနေပြီး၊ နိုင်ငံခြားသားအဖြစ် ခံယူထားသည့် မြန်မာပြည်တွင် မွေးဖွားခဲ့သည့် အထူးကု ဆရာဝန်တွေကို တစ်လလျှင် သုံးသိန်းကောက်ခံ နေမှုကို လုံးဝလျော့ချသွားည်ဟုလည်း ဒေါက်တာမြင့်ထွေးက ဆိုသည်။

ယခုကဲ့သို့ ငွေကြေးကောက်ယူမှုအပြင် နိုင်ငံတွင်း အမြဲနေထိုင်ခွင့် ပြန်လည်ရရှိထားသည့် ဆရာဝန်ကြီးများအတွက် နေရာဒေသ၊ ဆေးရုံ စသည့် ကန့်သတ်မှုများ ရှိနေကြောင်း မြောက်ဥက္ကလာပ မဲဆန္ဒနယ်က ဒေါက်တာသန်း ဝင်းက သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် သွားနှင့်ခံတွင်းကောင်စီက ငွေကြေးကောက်ခံမှုကို ဖြေလျော့မှုအဖြစ် လုပ်ဆောင်ထားပြီဟု သိရသည်။

“ ခုနကပြည်ထောင်စု ဝန်ကြီးကတော့ ငွေတွေ ပေါ့ဗျာ။ အခွန်အကောက်တွေလျော့တယ်။ အဲ့တာ အဓိက တစ်မျိုးပါတယ်။ တမျိုး ပိုပြီး အဓိက ကျတာက ဘယ်နေရာ မှာ မလုပ်ရဘူး။ ဘယ်နေရာမှာ သူတို့တော့ ထောက်ခံချက် တွေ ဘာတွေပါ တောင်းရတယ်။ ဥပမာ သားဖွားမီးယပ်ဆိုင်တဲ့ အထူးကုဆရာဝန်ကြီးတွေ ဒီမှာ လုပ်ချင်တယ်ဆိုရင် ဒီမှာရှိတဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးတွေက ထောက်ခံချက် တောင်းပေးရတယ်။ အဲ့တာတွေမှာ နည်းနည်ေးလး ပြသနာလေးတွေရှိတယ်” ဟုဒေါက်တာသန်းဝင်း ကပြောသည်။

လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံဆေးကောင်စီနှင့် ဝန်ကြီးဌာနတို့ တွေ့ဆုံပြီး ဖြေလျော့မှုများ ပြုလုပ်သွားမည်ဟုလည်း ဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့သည်။

အဆိုပါ မေးခွန်းနှင့် အဖြေသည် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်အတွက် နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြရန် ပြည်သူ့လွှတ်တေ်ာ ဥက္ကဌ ဦးတီခွန်မြတ်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required