ICJ အပေါ်ထောက်ခံမှုကြောင့် အစိုးရနှင့် မြောက်ပိုင်း သုံးဖွဲ့အကြားဆက်ဆံရေး ပိုတင်းမာလာနိုင်

ICJ အပေါ်ထောက်ခံမှုကြောင့် အစိုးရနှင့် မြောက်ပိုင်း သုံးဖွဲ့အကြားဆက်ဆံရေး ပိုတင်းမာလာနိုင်
TNLA လက်နက်ကိုင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Ye Aung Thu / AFP

ရန်ကုန်၊ နိုဝင်ဘာ ၂၉။  ။ ရခိုင်ပြည်မြောက်ပိုင်း ဘင်္ဂါလီများနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့်ကိစ္စအပေါ် မြောက်ပိုင်း အဖွဲ့များ၏ ထောက်ခံမှုကြောင့် အစိုးရနှင့် မြောက်ပိုင်းသုံးဖွဲ့ တို့အကြား ဆက်ဆံရေး ပိုမိုတင်းမာ လာနိုင်သည်ဟု နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆို လိုက်သည်။

“ ပိုတင်းမာလာနိုင်တယ်လို့ထင်ပါတယ်။ မြောက်ပိုင်း သုံးဖွဲ့အနေနဲ့ကတော့ ကိုယ့်ရန်သူရဲ့ ရန်သူဟာ ကိုယ့်မိတ်ဆွေဆိုတဲ့ အခြေခံပေါ်မှာ ဒီဆုံးဖြတ်ချက်ကိုချတယ်နဲ့တူပါတယ်” ဟု ၎င်းကဆိုသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်အဖွဲ့ MNDAA ၊တအောင်း/ ပလောင်အဖွဲ့ TNLA နှင့် ရခိုင်အဖွဲ့ AA တို့မှ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အပြင် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) တို့တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်ကိစ္စ တို့ကိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုကြခြင်းမှာ မြန်မာနိုင်ငံအတွင်း တပ်မတော်မှ ပြုလုပ်ခဲ့သောကိစ္စရပ်များကြောင့်ဟူ၍ ထုတ်ပြန်ရေးသား ခြင်းလည်းဖြစ် သည်။ထို့အပြင် အဆိုပါဒေသတို့တွင် တပ်မတော်မှပြုလုပ်ခဲ့သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူနိုင်ရန် ရရှိထားသော သက်သေအချက် အလက်များကိုပေးပို့  ပူးပေါင်းရန် အသင့်ရှိသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“အချက်အလက်တွေ ICJတို့  ICCတို့ကလိုလို့ရှိရင်ပေးဖို့ရှိတယ်ဆိုတာကတော့ ကျွန်တော်တို့ ပြင်ဆင်ပြီးသားရှိတယ်” ဟု ရခိုင့်တပ် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ကုလသမဂ္ဂနိုင်ငံတကာ ခုံရုံး ICJ ကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာ နိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲ ခြင်းအပေါ် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောကြောင့် ပြည်သူလူထု တစ်ရပ်လုံး သွေးစည်း ညီညွတ်ကြပါဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ဖြင့် တိုက်တွန်း ခဲ့သေးသည်။

“ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတော်ကတာဝန်ခံရမယ်။ တာဝန်ယူမှုရှိရမှာပေါ့။ တပ်မတော် ရဲ့လုပ်ဆောင်ချက်လည်း အစိုးရဘက်က တာဝန်ခံရမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ဒေသတွေမှာ ဖြစ်နေတာတွေလည်း အစိုးရက တာဝန်ယူမှုတွေမရှိပါဘူး” ဟု တအောင်း/ ပလောင် အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ကပြောသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ၎င်းတို့ဒေသများတွင် တိုက်ပွဲများ မရပ်နိုင်ဘဲ တိုက်ခိုက်နေကြ သည့် အနေအထားဖြစ်သောကြောင့် ဒေသခံများစစ်ဘေးသင့်ခြင်းမျိုးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဟုဆိုသော ခံစားချက်များ ကြောင့် ယခုကဲ့သို့ ထုတ်ပြန် ပြောဆိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်တွင်းအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းဖို့ဆိုရင် အစိုးရရော တပ်မတော်ရော ဖြေလျော့ပေးဖို့လိုပါတယ်” ဟုဦးမောင်မောင်စိုးကပြောသည်။

ထို့အပြင် အစိုးရနှင့် တပ်မတော်ဘက်မှဖြေလျော့မှုများပြုလုပ်လာမှသာ တိုင်းရင်းသား လက်နက် ကိုင်များဘက်မှလည်း သဘောထားပျော့ ပြောင်းလာနိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကအကြံပြုသည်။

လက်ရှိတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား လူမျိုးတုန်းသတ်ဖြတ်မှုများကိုမတားဆီးဘူးဟုဆိုကာ တရားစွဲဆိုထားသည့်အမှုကို ICJတွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၂ ရက်နေ့ အထိ ကြားနာစစ်ဆေးရန်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါအမှုကို ဂမ်ဘီယာနိုင်ငံမှ နိုဝင်ဘာ ၁၁ ရက်နေ့တွင်တရာစွဲ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖြေရှင်းမည်လည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly