အခွန်နှုန်းထားလျှော့ချခဲ့သော်လည်း အိမ် ခြံ မြေစျေးကွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်

အခွန်နှုန်းထားလျှော့ချခဲ့သော်လည်း အိမ် ခြံ မြေစျေးကွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၉။            ။ အစိုးရက အခွန်နှုန်းထားများကို လျှော့ချခဲ့သော်လည်း  ပြည်တွင်းအိမ်ခြံမြေစျေးကွက်မှာ မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေကြောင်း သိရသည်။

အဆိုပါ အခွန်နှုန်းထားပြောင်းလဲမှုကြောင့် ပြည်တွင်းအိမ်ခြံမြေစျေးကွက် အပေါ် ၇၀ရာခိုင်နှုန်းခန့် အထိလှုပ်ခတ်မှုရှိလာမည်ဟု မျှော်မှန်းထားသော်လည်း  ၃၅ ရာခိုင်နှုန်းခန့်သာ လှုပ်ခတ်မှုရှိလာခဲ့ ကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေ ဝန်ဆောင်မှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးဌေးမြင့်က ဆိုသည်။

“ဘာကြောင့်လဲဆိုတော့ အချိန်ကနောက်ကျ သွားတယ်ပေါ့။ ရွေးကောက်ပွဲနီးသွားတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်စောင့်ကြည့်ချင်တဲ့ သဘောဖြစ်သွားတယ်။ ဒီတော့ သက်ရောက်သင့် သလောက် မသက်ရောက်ဘူး” ဟု ၎င်းကဆိုသည်။

 

သို့သော် ယခင်က ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည့် ပြည်တွင်း အိမ် ၊ခြံ၊ မြေ စျေး ကွက်မှာ အခွန် လျှော့ချပြီးနောက်ပိုင်းတွင် အနည်းငယ် ပြန်လည်လှုပ်ခတ်မှု ရှိလာသည်ဟု၎င်းက သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မလှုပ်ပေမဲ့ တစ်ချို့နေရာတွေမှာ လှုပ်လာတယ်။ တစ်ချို့ရောင်းသူ ကလဲ စျေးလေးကို နည်းနည်း မြှင့်ပြီး ခေါ်တယ်။ ဝယ်သူကလည်း ဝယ်ဖို့အတွက် ပြန်စိတ်ဝင်စား လာကြတယ်” ဟုဦး ဌေးမြင့်ကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း ကျပ်သိန်းတစ်သောင်း ဝန်းကျင်တန်ဖိုးရှိမြေကွက်နှင့်လုံးချင်းအိမ် များအရောင်းအဝယ် ပြန်လည်ဖြစ်လာပြီး၊  ဖွံ့ဖြိုးရေး စီမံကိန်းများ ရှိသည့် ဒလနှင့် ဒဂုံလေးမြို့နယ် တို့ရှိ မြေကွက်များ မှာလည်း စျေး အနည်းငယ် မြင့်တက်လာခဲ့သည်ဟု သိရသည်။

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် အခြေပစ္စည်းဖြစ်သည့် မြေ၊ အဆောက် အအုံ အရောင်းအဝယ်ပြုလုပ်ရာ၌ ယခင်က ကျပ်သိန်း ၃၀၀အထိအား အခွန်၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ် သိန်း၁၀၀၀အထိကို အခွန်၂၀ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်ကို အခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ စတင်ကာ ကျပ်သိန်း ၁၀၀၀ အထိလျှင် အခွန် ၃ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိကို ၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀အထက်မှ ကျပ်သိန်း၁၀၀၀၀အထိ ကို အခွန်၁၀ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ  ကျပ်သိန်း ၃၀၀၀၀ အထိကို အခွန် ၁၅ရာခိုင်နှုန်းနှင့် ကျပ် သိန်း ၃၀၀၀၀ အထက်ကို အခွန်၃၀ ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခွန်နှုန်းထားမှာ ၂၀၁၉ခုနှစ် အောက်တိုဘာ၁ရက်နေ့ကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်နှစ်အကျုံးဝင်မည်ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင်  အိမ်ခြံမြေ၊အဆောက်အအုံ အရောင်းအဝယ် ဈေးကွက်အခြေအနေမှာ ၇၀ရာခိုင်နှုန်း၊ဈေးနှုန်းအနေဖြင့် ၄၀ရာခိုင်နှုန်းခန့်  ကျဆင်းခဲ့ပြီး၊ တိုင်းအစိုးရ၏ မြို့သစ်စီမံကိန်းများ နှင့်မြေကွက် ရောင်းချမှု အစီအစဉ်များကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ်တွင် ထပ်မံ သက်ရောက်မှုရှိလာသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့် က ဆိုသည်။

သို့သော်အဆိုပါ အခွန်ဆိုင်ရာပြောင်းလဲမှုကြောင့် ဈေးအဆမတန် မြင့်တက်လာခြင်းမျိုးမဟုတ်ဘဲ  နောက်ပိုင်း ကာလများတွင် ထိုက်သင့်သည့်  အရောင်းအဝယ်များ ပြန်လည် ဖြစ်ပေါ်လာနိုင်မည်ဟု ၎င်းကသုံးသပ် ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required