ဦးဝှေ့တင်းလွတ်မြောက်ရေး သြစတြေးလျအစိုးရကူညီရန် အထက်လွှတ်တော်အမတ် အဆိုတင် တိုက်တွန်း

ဦးဝှေ့တင်းလွတ်မြောက်ရေး သြစတြေးလျအစိုးရကူညီရန် အထက်လွှတ်တော်အမတ် အဆိုတင် တိုက်တွန်း
ဓာတ်ပုံ - အမျိုးသားလွှတ်တော်

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။          ။ တစ်လနီးပါးကြာ ရက္ခိုင့်တပ်ဖွဲ့(AA)၏ ဖမ်းဆီးခြင်းခံထားရသည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေး ဩစတြေးလျအစိုးရမှ အရေးယူ ကူညီပေးရန် တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ဩစတြေးလျလွှတ်တော်တွင် အထက်လွှတ်တော်အမတ် ဒင်းစမစ်က တင်သွင်းခဲ့သည်။

အဆိုပါ အဆိုကို အထက်လွှတ်တော်အမတ် ဒင်းစမစ်က ၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၂၇ ရက်က သြစတြေးလျ အထက်လွှတ်တော်မှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အထက်လွှတ်တော်အမတ် ဒင်းစမစ်က “ချင်းအဖွဲ့အစည်းဟာ ဒီမိုကရေစီအတွက် မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင် ပါဝင်ဆောက်ရွက်ကြပါတယ်။ဒါကြောင့်ဒီအရေးကိစ္စကို အလေးထား ဆောင်ရွက်သင့်ပါတယ်။ ချင်းလွှတ်တော် ကိုယ်စားလှယ် လွတ်မြောက်ဖို့အတွက်  တတ်နိုင်သလောက် အရေးယူ စဉ်းစားဆုံးဖြတ်ပေးကြဖို့ ဩစတြေးလျ အစိုးရကို ကျွန်တော် တိုက်တွန်း ချင်ပါတယ်”ဟု လွှတ်တော်တွင် ပြောခဲ့သည်။

ချင်းလူ့အခွင့်ရေးအဖွဲ့က ကန်ဘာရာမှာ ဩစတြေးလျဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရခဲ့ပြီးနောက် အထက်လွှတ်တော် အမတ် ဒင်းစမစ်ကို ဆက်သွယ်လာခဲ့ပြီး ဦးဝှေ့တင်းအတွက် စိုးရိမ်ကြောင်း ပြောပြလာ၍ ထိုအဆိုကို တင်သွင်း ရ ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သြစတြေးလျအထက်လွှတ်တော်တွင် ဦးဝှေ့တင်း လွတ်မြောက်ရေး သြစတြေးလျအစိုးရမှ ကူညီပေးရန် အဆိုတင်သွင်းသူ အထက်လွှတ်တော်အမတ် ဒင်းစမစ်သည် ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့်ရန် လာရောက်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း သည် ၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့က နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးတက်ရန် ပလက်ဝမြို႔မှ ရေကြောင်းဖြစ်သွားစဉ် ပလက်ဝမြို့နှင့် ကျောက်တော်မြို့အကြားအရောက်မှာ AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာ ၃ ရက်နေ့မှ ဖမ်းဆီးခံရပြီးနောက် ယနေ့ချိန်ထိ ပြန်လွတ် မလာသေးပေ။

AA ဘက်ကတော့ မိမိတို့အဖွဲ့၏ လုပ်ငန်းများနှင့် ရည်ရွယ်ချက်များကို ထိပါးသည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ပထမပတ်ထဲမှာ ထုတ်ပြန်ထားသည်။

AA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “တောင်းဆိုနေလို့ရှိရင် အဲဒီ တောင်းဆိုနေတဲ့ အဖွဲ့ အစည်းတွေက ဦးဝှေ့တင်းဟာ နောက်ထပ် ဒါမျိုး မလုပ်တော့ပါဘူးလို့ ဘယ်သူကနေပြီး အာမခံမှာလဲ အဲတာ ကျွန်တော်တို့ဘက်က မေးစရာရှိတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှနေ၍ တရားစွဲဆိုထားသည့် အမှုပေါင်းများစွာရှိနေပြီး တိုက်ပွဲရှောင်များ သိန်းချီ အခက်အခဲ ကြုံတွေ့နေရသည့်ကိစ္စကို ကျော်လွန်၍ ဦးဝှေ့တင်းအား လွတ်ပေးရန် တောင်းဆိုသည်မှာ မဖြစ်သင့်ဟုလည်း ၎င်းက ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင်ကတော့ ဩစတြေးလျ အစိုးရမှနေ၍ ဦးဝှေ့တင်း လွတ်မြောက်ရေး သံတမန်နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ရန် အဆိုတင်သွင်းခြင်းဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံကလည်း ထုတ်ပြန်စာ အသီးသီးဖြင့် AA အဖွဲ့ကို တောင်းဆိုထားမှုများ ရှိကြောင်း ဆိုသည်။

“အခု ဩစတြေးလျ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အထိ ရောက်လာတာဖြစ်တဲ့အတွက် ဒါတွေဟာ AA အဖွဲ့ အတွက်တော့ သိပ်မကောင်းဘူးပေါ့လေ။ အဲတော့ အကောင်းဆုံးကတော့ ဦးဝှေ့တင်းကို အမြန်ဆုံး ချွင်းချက် မရှိ ပြန်လွတ်ပေးတာတော့ အမြန်ဆုံး လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်သည့်ကိစ္စဖြစ်ကာ ဆက်ဖမ်းထားလည်း AA အဖွဲ့အတွက် ဘာမှ အကျိုးမရှိလာနိုင်ဘူးဟုလည်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ဦးဝှေ့တင်း အနေဖြင့် တပ်မတော်ကို ကူညီနေတာမျိုး ရှိသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပြဿနာများကို ဖြစ်ပွားစေရန် လှုံ့ဆော်မှုများရှိခဲ့သည်ကို သက်သေနှင့်တကွရှိကြောင်း ဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly