#SEAGamesfail - ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖရိုဖရဲပြင်ဆင်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင်

#SEAGamesfail - ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖရိုဖရဲပြင်ဆင်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင်

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို စနေနေ့မှာ ဖွင့်ပွဲ ကျင်းပမှာဖြစ်ပေမယ့် သယ်ယူပို့ဆောင်ရေးပိုင်း နှောင့်နှေးတာ၊ ဘောလုံးသမားတွေ လမ်းမတွပေါ်မှာ လေ့ကျင့်နေရတာနဲ့ သန့်စင်ခန်းအကန့်ငယ်တစ်ခုထဲမှာ အိမ်သာကမုတ် နှစ်ခုထားရှိတာစတဲ့ ဖရိုဖရဲအပြီးသတ်ပြင်ဆင်မှုတွေဟာ ဖိလစ်ပိုင်ကို ဖိအားအောက် တွန်းပို့နေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ မပြီးစီးသေးတဲ့  အားကစားရုံတစ်ဝိုက် ငြမ်းတွေနဲ့ ဆေးမသုတ်ရသေးတဲ့ သစ်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ ယာယီသတင်းစာရှင်းလင်းခန်းတွေအပါအဝင် အဆိုးရွားဆုံးအဖြစ်အပျက်တွေကို #SEAGamesfail ဆိုတဲ့ hashtag အောက်မှာ တပြုံတမကြီး တွေ့ရမှာဖြစ်ပါတယ်။

တွစ်တာပေါ် ရေးသားထားတဲ့ တွစ်တစ်ခုမှာ ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "We Win as One" ကို "Wiwi as One"လို့ဆိုပြီး ကန်ထရိုက်တာတွေက အမျိုးသမီးတွေရဲ့ သန့်စင်ခန်းတစ်ခုမှာ အိမ်သာကမုတ်နှစ်ခုထားရှိထားတဲ့ ဓာတ်ပုံနဲ့အတူ ရေးတင်ထားပါတယ်။ ဒီဓာတ်ပုံကလည်း လူမှုကွန်ရက်ပေါ် အလျင်အမြန်ပဲ ပျံ့နှံ့သွားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတဲ့ ဘောလုံးအသင်းတွေဟာ လေဆိပ်မှာ သောင်တင်နေတာ ဒါမှမဟုတ် သူတို့ရဲ့ အခန်းတွေကို စစ်ဆေးဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းရတာတွေအတွက် ဖိလစ်ပိုင်က တောင်းပန်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟိုတယ်တစ်ခုက ဒီလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

"ခင်ဗျားတို့ ထိုင်ခုံတွေ လိုမလားလို့ ကျနော်တို့က သူတို့ (ကစားသမားတွေ)ကို မေးခဲ့တယ်။ ဒါပေမယ့် သူတို့က ငြင်းခဲ့တယ်။ သူတို့က ကြမ်းပြင်ကို ပိုကြိုက်တယ်။ ဆိုတော့ သူတို့က အနားယူဖို့ လှဲလျောင်းနိုင်တယ်လေ။"

ထိုင်းအမျိုးသားဘောလုံးအသင်းရဲ့ နည်းပြက လေ့ကျင့်အထောက်အကူပစ္စည်းတွေဟာ အလွန်ဝေးကွာတယ်ဆိုပြီး တိုင်ကြားပြီးနောက် ကစားသမားတွေဟာ သူတို့ရဲ့ တည်းခိုနေတဲ့ ဟိုတယ်အနီးက လမ်းတွေပေါ်မှာ လေ့ကျင့်ခဲ့တယ်လို့ သူတို့ရဲ့နည်းပြက ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က မနီလာမှာ ပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ မော်နီကို ပူအန်တက်ဗယ်လာဟာ ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ကျော်ကြားတဲ့ ဝေဖန်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။

"ကျနော်ဟာ ဆီးဂိမ်းပြိုင်ပွဲတွေ၊ အာရှအားကစားပြိုင်တွေ၊ အိုလံပစ်ပြိုင်ပွဲတွေတိုင်းမှာ ရောက်ရှိခဲ့ဖူးတယ်ဆိုတာ ခင်ဗျား သိမှာပါ။ အခုလောက်ဆိုးရွားတာကို တခါမှ မကြုံခဲ့ဖူးဘူး။"လို့ သူက ဖိလစ်ပီနို ရုပ်သံလိုင်းကို ပြောခဲ့ပါတယ်။

ကလာ့ခ်၊ မနီလာနဲ့ ဆူဘစ်တို့မှာ ဒီဇင်ဘာ ၁၁ ရက်အထိ နေရာများစွာတို့မှာ အားကစားနည်း (၅၆)မျိုးကို ယှဉ်ပြိုင်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနီလာရဲ့ ယာဉ်ကြောထူထပ်ခြင်းနဲ့ အားကစားခန်းမတစ်ခုနဲ့တစ်ခုကြား ကားနဲ့ သွားဖို့ နာရီပေါင်းများစွာ ကြာမြင့်မယ့် အခြေအနေတို့ရှိနေတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required