ဟောင်ကောင်တက္ကသိုလ်အတွင်း အန္တရာယ်ရှိ ပစ္စည်းများရှာဖွေရန် ရဲများဝင်ရောက်

ဟောင်ကောင်တက္ကသိုလ်အတွင်း အန္တရာယ်ရှိ ပစ္စည်းများရှာဖွေရန် ရဲများဝင်ရောက်

ဟောင်ကောင်၊ နိုဝင်ဘာ ၂၈ ။         ။ ဟောင်ကောင်တွင် ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြကျောင်းသားများနှင့် ရဲများပဋိပက္ခဖြစ်ပွားခဲ့သည့် ပိုလီတက်ခ်နစ်တက္ကသိုလ်အတွင်း ဓာတ်ဆီမီးဗုံးများနှင့် အခြားအန္တရာယ်ရှိသော ပစ္စည်းများ ရှာဖွေသိမ်းဆည်းရန် ရဲများဝင်ရောက်စစ်ဆေးခဲ့သည်။

တက္ကသိုလ်မှတာဝန်ရှိသူများက အန္တရာယ်ရှိပစ္စည်းများရှင်းလင်းပေးရေးအတွက် အစိုးရနှင့် ရဲများကို အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က တက္ကသိုလ်ကို အပိုင်စီးထားသည့်ကျောင်းသားများကို ရဲများက အင်အား အလုံးအရင်းဖြင့် ဝိုင်းရံထားခဲ့သည်။  ထိုသို့ ရှေ့မတိုးနောက်မဆုတ်သာသည့်အခြေအနေတွင် တချို့ ရာနှင့်ချီသည့် ကျောင်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ကြသလို တချို့မှာလည်း  ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ နိုဝင်ဘာ ၂၇ ရက်နေ့က ကျောင်းသား ၂၀ ခန့်ရှိသေးသည်ဟုဆိုသော်လည်း ဒီကနေ့ ၂၈ ရက်နေ့အစောပိုင်းတွင် ရဲများနှင့် မီးသတ်တပ်ဖွဲ့များဝင်ရောက်ရှာဖွေရာ တစ်ဦးတစ်ယောက် မျှပင် မတွေ့ရတော့ပေ။

လုံခြုံရေးဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ကျောင်းအတွင်း စွန့်ပစ်ထားသော ဓာတ်ဆီဗုံးများနှင့် ဓာတ်ခွဲခန်းသုံး ဓာတုဆေးရည်ပုလင်းပေါင်းများစွာကို သိမ်းဆည်းခဲ့သည်။ အဆိုပါ ပစ္စည်းများသည် ဖောက်ခွဲရေးပစ္စည်းအဖြစ်သုံးရန် ကျောင်းသားများက ဓာတ်ခွဲခန်းကိုဖောက်ထွင်း၍ ယူထားကြခြင်း ဖြစ်သည်။

ကျောင်းနံရံများပေါ်တွင်လည်း ဟောင်ကောင်မြို့တော်ရဲတပ်ဖွဲ့ကို ဆဲရေးတိုင်းထွာထားသည့် စာသား ရုပ်ပုံများ ရေးဆွဲထားကြသည်။ ဖောက်ခွဲရေးပစ္စည်းကျွမ်းကျင်သူများသည် သတင်းထောက်များနှင့်အတူ တစ်ခန်းဝင် တစ်ခန်းထွက် ရှာဖွေစစ်ဆေးခဲ့သည်။

ဆန္ဒပြရာ ဗဟိုအချက်အချာဖြစ်ခဲ့သည့် အဆိုပါဟောင်ကောင်တက္ကသိုလ်နယ်မြေတွင် ပြီးခဲ့သည့် ရက်သတ္တပတ် များအတွင်း ကျောင်းသားများက အပြင်မှဝိုင်းရံထားသည့်ရဲများကို ဓာတ်ဆီဗုံးများ၊ အုတ်ခဲများ၊ မီးမြားများဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ မြို့တော်ဆိပ်ကမ်းနှင့် သိပ်မဝေးလှသည့် တက္ကသိုလ်နယ်မြေသည် ယခုအခါ အမှိုက်သရိုက်များ၊ ကတုပ်အတားအဆီးများနှင့် ဓာတ်ဆီမီးဗုံးလုပ်သည့်ပုလင်းများ ပြန့်ကျဲလျက် စွန့်ပစ်စစ်တလင်းပြင်ကဲ့သို့ ဖြစ်နေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required