NLD ကိုယ်စားလှယ်လောင်းများကို ၂၀၂၀ မှစတင်ရွေးချယ်မည်

NLD ကိုယ်စားလှယ်လောင်းများကို ၂၀၂၀ မှစတင်ရွေးချယ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။           ။ လာမည့် အထွေထွေးရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများကို ၂၀၂၀ ခုနှစ်ထဲရောက်မှသာ စတင်ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကပြောသည်။

မူအရ NLD ပါတီကို အစဉ်တစိုက် ထောက်ခံခဲ့ပြီး ပါတီကို လိုလားသည့် မြို့မိ မြို့ဖများမှနေ၍ ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်လောင်းများကို ရွေးချယ်မည်ဖြစ်ကြောင်းလည်းသိရသည်။

“သူတို့နဲ့နီးစပ်တဲ့သူကို မြို့မိ မြို့ဖအဖြစ်တင်လာနိုင်တဲ့ဟာတွေတကယ်ပဲရှိနေပါတယ်။ အဲ့တော့ မြို့မိ မြို့ဖဆိုတာ ကိုယ့်မြို့နယ်အတွက် တကယ်တမ်းသင့်လျော်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ဆန္ဒပြုတဲ့လူတွေဖြစ်ဖို့ ကျွန်တော်တို့အဲ့တာတွေ ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို ကျွန်တော်တို့ ချမှတ်ထားပါတယ်။ အဲ့ဒါလေးတွေ လက်တွေ့လုပ်လို့ဖြစ်နိုင် မဖြစ်နိုင် စိစစ်နေပါတယ်။ ၂၀၂၀ ထဲမှာ ပဲဖြစ်မှာပါ” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်နေရာသည် လုပ်ပိုင်ခွင့်ရှိသည့်နေရာဖြစ်၍ အပြိုင်အဆိုင်များလာပြီး မညီ ညွတ်မှုများဖြစ်လာနိုင်သောကြောင့် မှန်ကန်သည့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုများဖြစ်စေရန် လုံလောက်သည့်အချိန်တစ်ခုထိပေးကာ ရွေးချယ်စေမည်ဟုလည်း ၎င်းကဆိုသည်၊။

သို့သော်လည်း အဆုံးသတ်ရွေးချယ်မှုကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လုပ်ဆောင်မည် ဖြစ်ကြောင်းလည်းသိရသည်။

“ပြည်သူတွေကတော့ ရွေးချယ်ပါ။ ကိုယ့်ရဲ့အနာဂတ်မှာ ပိုပြီးကောင်းအောင် ဘယ်နိုင်ငံရေးပါတီကို ရွေးချယ်မယ်ဆိုတာတော့ ပြည်သူကဆုံးဖြတ်ရမယ့်ကိစ္စပါ” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ေရးနှင့်စပ်လျဉ်းသည့်မူကို ပါတီတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးနေပြီဖြစ်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ကပြောဆိုထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် နိုင်ငံရေးအသိအမြင် ကျယ်ပြန်လာပြီဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် ပါတီတစ်ခုတည်းကိုကြည့်၍ မဲပေးတော့မည် မဟုတ်သောကြောင့် ကိုယ်စားလှယ်များ အနေဖြင့် ဝမ်းစာပိုမို ဖြည့်တင်းရန် လိုအပ်မည်ဟုလည်း ၎င်းကဆိုသည်။

အာဏာရပါတီ NLD အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးနေဖြင့် ယှဉ်ပြိုင် မည်ဖြစ်ကာ အစိုးရထပ်ဖွဲ့နိုင်ရေးအတွက် အသစ်ပေါ်ထွက်လာသည့်ပါတီများအပြင်၊ တိုင်းရင်းသား ပါတီအချို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်လည်းရှိနေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required