ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၃၂၀၀၀ အသုံးပြုထားကြောင်း သိရ

ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၃၂၀၀၀ အသုံးပြုထားကြောင်း သိရ
Myanmar Football Federation

ရန်ကုန်၊ နိုဝင်ဘာလ ၂၇။            ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလည့်မည် ဆီးဂိမ်း(အရှေ့တောင်အာရှအားကစားပြိုင်ပွဲ) အတွက်  မြန်မာ နိုင်ငံအနေဖြင့် နှစ်နှစ်တာကာလအတွင်း  မြန်မာကျပ်ငွေ ၃ဒသမ၂ ဘီလီယံကို အသုံး  ပြုထားကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

" ၃.၂ ဘီလီယံပါ ။ မြန်မာကျပ်ငွေပါ။ အသုံးအဆောင် စားစရိတ်  နှစ်နှစ် လေ့ကျင်ခန်းပေးတာတွေ အကုန်လုံးပါ။ အခုသွားတဲ့စရိတ်တွေ နိုင်ငံခြားနည်းပြတွေ ငှားရမ်းခတွေ ပါပါတယ် " ဟု ဒုတိယဝန်ကြီး ဒေါက်တာ မြလေး စိန် က ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့်အလှူရှင်များ ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ထပ်တူပါဝင် ဂါရဝကုသိုလ်ယူသည့် အသက် ၇၀ နှစ်အထက် သက်ကြီးဝါရင့် အားကစား ကလောင်ရှင်များအား ဂါရဝပြုကန့်တော့ပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အဖွဲ့ချုပ်တွေက ဒီတစ်ခါတော်တော်ကြိုးစားနေကြတယ်။ နိုင်ငံတော်ပံ့ပိုးမှုအပြင်ကို အဖွဲ့ချုပ်တွေက သူဟာသူ ပံ့ပိုးနေတာလည်းရှိပါတယ်။ သူပိုက်ဆံနဲ့သူ နိုင်ငံခြားသွားနေကြပြီးတော့ လေ့ကျင့်ခန်း ဆင်းနေကြတာ လည်း ရှိပါတယ်။ နိုင်ငံတော်ကလည်း Join လေ့ကျင့်ခန်းပေးနေပါတယ်။ တရုတ်မှာ လေ့ကျင့်ခန်းဆင်းနေကြတာပြန်မလာသေးဘူး။ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား တို့ကပေးထားပါတယ်။ လွွှတ်နေတာလည်းအများကြီးပါ " ဟု ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆက်လက် ပြောဆိုသည်။

ဖိလစ်ပိုင်ဆီးဂိမ်းတွင် စုစုပေါင်းအားကစားနည်း ၅၆ မျိုးထည့်သွင်းထားပြီး မြန်မာနိုင်ငံအနေဖြင့်  ရွှေတံဆိပ် ဆုရရှိနိုင်သည့် အားကစားနည်း ၁၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်ထားရန်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားနည်းမှာ မြှားပစ်၊ ဘိလိယက်၊လှေလှော်၊စစ်တုရင် ၊ဘောလုံး ၊ ဂေါက်သီး ၊ဂျူဒို ၊ ကရာတေး၊ ပိုက်ကျော် ခြင်း ၊ တိုက်ကွမ်ဒို၊ ဘောလီဘော၊ အလေးမ ၊ ဝူရှူးနှင့် ပီတန်း တို့ဖြစ်ကြောင်း သိရှိရသည်။

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကို နိုင်ဘာလ ၃၀ ရက်နေ့ မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ ပြီးခဲ့သည့် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၉ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ဆု ၇ ခု ၊ ငွေတံဆိပ်ဆု ၁၀ ခုနှင့် ကြေးတံဆိပ်ဆု ၂၀ အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required