တောင်ကိုရီးယားသမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး

တောင်ကိုရီးယားသမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး
Photo: EPA

နိုဝင်ဘာ ၂၇ ။       ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၆ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် သီးသန့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ ယင်းသို့ တွေ့ဆုံစဉ် ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ တို့အပါအဝင် နယ်ပယ်ကဏ္ဍအများအပြားတွင် တိုးမြင့် ပူးပေါင်းလုပ်ကိုင်သွားနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားသမ္မတ အိမ်တော်က ထုတ်ပြန်သည်။

သမ္မတ မွန်းဂျေအင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဘူဆန်မြို့တွင် ကျင်းပသည့် အာဆီယံ- တောင်ကိုရီးယား အထူး အစည်းအဝေး ပိတ်ပွဲအပြီး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အထက်ပါ နှစ်ရက်တာ ထိပ်သီးအစည်းအဝေးသည် အာဆီယံနှင့် တောင်ကိုရီးယားအကြား ဆွေးနွေးဘက် ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

ယခု တွေ့ဆုံစဉ် ငါးဖမ်းလုပ်ငန်းအတွက် သိပ္ပံနည်းကျ ကျွမ်းကျင်မှု၊ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုပိုင်း တိုးမြင့်ဖလှယ်ရေးကိုလည်း ခေါင်းဆောင်နှစ်ဦးအကြား သဘောတူခဲ့ကြောင်း သိရသည်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်ကိုလည်း နှစ်ဦးစလုံးက ကတိပြုသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ နှစ်ရပ်ကိုလည်း ခေါင်းဆောင်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အလားတူ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပရိုဂရမ်များနှင့်ပတ်သက်၍ ပိုမို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်သွားရေးကိုလည်း နှစ်ဘက်အကြား သဘောတူခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံပွဲမှာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း မြန်မာက ကိုရီးယားကို ဆန်အကူအညီပေးခဲ့မှုအတွက်လည်း အထူးကျေးဇူးတင်ကြောင်း သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required