ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၁၅ ခု ကြားသာ မျှော်လင့်ထားဟု ဒုဝန်ကြီးဆို

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၁၅ ခု ကြားသာ မျှော်လင့်ထားဟု ဒုဝန်ကြီးဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၆။               ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ် ၃၀ မြောက်ဆီးဂိမ်းပြိုင်ပွဲ (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) တွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၁၀ ခု နှင့် ၁၅ ခု ကြားသာ မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က သတင်းမီဒီယာ များ ကိုဖြေကြားခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့်အလှူရှင်များ ၊ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီက ထပ်တူပါဝင် ဂါရဝကုသိုလ်ယူသည့် အသက် ၇၀ နှစ်အထက်သက်ကြီးဝါရင့် အားကစားကလောင်ရှင်များအား ဂါရဝပြုကန့်တော့ပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆီးဂိမ်းပြိုင်ပွဲ နှင့်ပတ်သက်ပြီး ယခုလိုဖြေကြားခဲ့ခြင်း ဖြစ်သည်။

" ဆုတံဆိပ်ကိုဘယ်လောက်မျှော်လင့်လဲဆိုတာပါ။ဆုတံဆိပ်က ၁၀ ခုနဲ့၁၅ ခုကြားပဲ ဒီလောက်ပဲ မျှော်လင့် တယ်။ " ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ပြောဆိုသည်။

ဖိလစ်ပိုင်ဆီးဂိမ်းတွင် စုစုပေါင်းအားကစားနည်း ၅၆ မျိုးထည့်သွင်းထားပြီး မြန်မာနိုင်ငံအနေဖြင့်  ရွှေတံဆိပ် ဆုရရှိနိုင်သည့် အားကစား နည်း ၁၅ မျိုးနီးပါး ဝင်ရောက်ယှဉ်ပြိုင်ထားရန် ရှိကြောင်း သိရသည်။ ယင်းအား ကစား နည်းမှမြှားပစ်၊ ဘိလိယက်၊လှေလျှော်၊စစ်တုရင် ၊ဘောလုံး ၊ ဂေါက်သီး ၊ဂျူဒို ၊ ကရာတေး၊ ပိုက်ကျော် ခြင်း ၊ တိုက်ကွမ်ဒို၊ ဘောလီဘော၊ အလေးမ ၊ ဝူရှူးနှင့် ပီတန်း တို့ဖြစ်ကြောင်း သိရှိရသည်။

" ဒီနှစ်ကသွားတဲ့လူလည်းများတယ်။ တော်တော်များများလွှတ်ထားပါတယ်။ ဒီကလေးတွေကို စိတ်အား တက်ကြွစေတဲ့အနေနဲ့ လေယာဉ်တက်ဝတ်စုံ နဲ့ ဖွင့်ပွဲမှ ဝတ်မယ့်ဝတ်စုံ ကို စိတ်ဓာတ်တက်ကြွအောင် ပြင်ဆင်လိုက်တဲ့သဘောပါ" ဟု ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဆက်လက်ဖြေကြားသည်။

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကို နိုင်ဘာလ ၃၀ ရက်နေ့ မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ ပြီးခဲ့သည့် မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၉ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ဆု ၇ ခု ၊ ငွေတံဆိပ်ဆု ၁၀ ခု နှင့် ကြေးတံဆိပ်ဆု ၂၀ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly