ဓာတုလက်နက်ကိစ္စ အစိုးရမှ ဖြေရှင်းလိမ့်မည်ဟု တပ်မတော်ဆို

ဓာတုလက်နက်ကိစ္စ အစိုးရမှ ဖြေရှင်းလိမ့်မည်ဟု တပ်မတော်ဆို
Photo-Hein Htet/EPA

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။          ။ မြန်မာနိုင်ငံတွင် ဓာတုလက်နက်များ သိုလှောင်ထားဖွယ်ရှိသည်ဟုဆိုကာ အမေရိကန်ဘက်မှ စွပ်စွဲ ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရဘက်မှ ပြန်လည်ဖြေရှင်းလိမ့်မည်ဟု တပ်မတော် ဘက်မှပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်သော ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ် လည်အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအကြီးတန်း တာဝန်ရှိသူ သောမတ်စ်ဒီ နန်နိုကစွပ်စွဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါစွပ်စွဲချက်မှာ အမေရိကန်အစိုးရဘက်မှပြောဆိုသည့်ကိစ္စဖြစ်သည့်အတွက် တပ်မတော်ဘက်မှ လတ်တလော ထုတ်ပြန်ချေပရန် အစီအစဉ်မရှိသေးခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ မဇ္ဈိမသို့ ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

 “ မရှိပါဘူးဗျ။ အစိုးကထုတ်လို့ရှိရင်တော့ အစိုးရကပဲပြန်ပြောရမှာပေါ့ ”  ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ ကပြောသည်။

မြန်မာနိုင်ငံသည် ဓာတုလက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သည့် ဓာတုလက်နက် သဘောတူညီချက် CWC တွင်  ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးထားသည်။

အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံတွင် အရေပြားကိုလောင်ကျွမ်းစေတတ်သော ဓာတ်ငွေ့များ ထုတ်လုပ်ရာ သမိုင်းဝင် အဆောက်အအုံ နေရာတစ်ခု၌ ဓာတုလက်နက်များ ဆက်လက်ရှိနေဆဲ ဖြစ်ဖွယ်ရှိသည်ဟု အမေရိကန်ဘက်မှ စွပ်စွဲလိုက် ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဓာတုလက်နက် ထားသိုရာ နေရာမှာ ဓာတုလက်နက်တွေ ဆက်လက် သိမ်းဆည်းထားသိုထားနိုင်တယ်လို့ အမေရိကန်နိုင်ငံဟာ တော်တော်လေး ပူပန်နေပါတယ်။”ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ သောမတ်စ်ဒီ နန်နို  ကပြောဆိုကြောင်း AFP သတင်းဌာနတွင်ဖော်ပြထားသည်။

ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတုလက်နက် ထုတ်လုပ်ရေး အဆောက်အအုံ အပါ အဝင် ၁၉၈၀ ခုနှစ်များ၌ ဓာတုလက်နက်စီမံကိန်းတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က သတင်းရရှိထားကြောင်းလည်း အမေရိကန်နိုင် ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ သောမတ်စ်ဒီ နန်နိုကပြောဆိုခဲ့သေးသည်။

အဆိုပါကိစ္စမှာ မြန်မာ့တပ်မတော်မှ ဓါတု လက်နက်ထုတ်လုပ်ကြောင်း သတင်းရေးသားမှုကြောင့် ဇူလိုင် ၂၀၁၄ ခုနှစ်က ယူနတီဂျာနယ်မှ သတင်းထောက် ၅ ဦးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရခြင်းကိစ္စရပ်ကို ရည်ရွယ် ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် ဓာတုလက်နက်များနှင့်ပတ်သက်၍ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း များမပြုလုပ်သကဲ့သို့ အသုံးပြုခြင်းလည်း လုံးဝမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တုံ့ပြန်ခဲ့သည်။

“သူတို့အခြေခံထားတဲ့ စွပ်စွဲချက်တွေကလည်း လိုရာစွဲပြီးပြောနေတာပဲဖြစ်တယ်”  ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

၂၀၁၃ ခုနှစ်အတွင်းက လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း၌ ဆန္ဒပြသူများကို Phosphorus အဆိပ်ဓါတ်ငွေ့အသုံးပြု ခဲ့ကြောင်း မြန်မာ့ လွှတ်တော်အစီရင်ခံစာ တစ်ရပ်မှာ ပါရှိခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြပါရှိသည်။

အဆိုပါကိစ္စမှာ ကြေးနီသတ္ထုတွင်းတွင် ဆန္ဒပြသူမျာကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ခြင်းကြောင်း အသားအရေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်လည်းဖြစ်သည်။

“အဲ့ဒါမျက်ရည်ယိုဗုံးနဲ့လားမသိဘူး။ ဒါကအဓိကရုဏ်းနှိမ်နှင်းတဲ့အခါမှာ အမြဲတမ်းအသုံးပြုပါတယ်။  အဲ့အထဲမှာ သူက မီးခိုးထွက်နိုင်အောင်ဓာတုပစ္စည်းရှိပါလိမ့်မယ်။ ဒီဟာတွေက နိုင်ငံတကာမှာ အသုံးပြုနေတဲ့ဟာပဲ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက်ကဲ့သို့ လက်နက်များအသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေ သည်ဟု ယခင်ကလည်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required