အင်ဒိုနီးရှား၌ မြေယာအငြင်းပွားမှုကို သတင်းလိုက်သည့် သတင်းထောက်နှစ်ဦးကို သတ်ခိုင်းခဲ့သည့် ဆီအုန်းလုပ်ငန်းရှင်အား ဖမ်းဆီး

အင်ဒိုနီးရှား၌ မြေယာအငြင်းပွားမှုကို သတင်းလိုက်သည့် သတင်းထောက်နှစ်ဦးကို သတ်ခိုင်းခဲ့သည့် ဆီအုန်းလုပ်ငန်းရှင်အား ဖမ်းဆီး
Police inspector Agus Andrianto, left, questions a group of men arrested over the murder of two journalists. Photograph: Dedi Hermawan/AFP

ဂျကာတာ၊ နိုဝင်ဘာ ၂၅ ။              ။ အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းလုပ်ငန်းရှင်တစ်ဦးအား ၎င်းကုမ္ပဏီနှင့် ဒေသခံများအကြား မြေယာအငြင်းပွားမှုကို သတင်းလိုက်သည့် သတင်းထောက်နှစ်ဦးကို သတ်ခိုင်းခဲ့သည်ဆိုသော စွဲဆိုချက်ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

မြောက်ပိုင်း ဆူမတြားပြည်နယ် လာဘူဟန်ဘာတူမြို့အနီးက ဆီအုန်းစိုက်ခင်းတစ်ခုအနီးက မြောင်းထဲတွင် သတင်းထောက် မာရာဒန်စီယာနီပါ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် သီတင်းပတ်က တွေ့ရှိခြင်း ဖြစ်သည်။

ထို ဧရိယာမှာပင် နောက်တစ်ရက်၌ ၎င်း၏ လုပ်ဖော်ကိုင်ဖက် သတင်းထောက် မာရာတူယာဆီရီဂါ၏ ရုပ်အလောင်းကို ရဲများက ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။

သတင်းထောက်နှစ်ဦးစလုံး၏ ကိုယ်ခန္ဓာတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ထားသည်ကို တွေ့ရခြင်းဖြစ်သည်။

ဆီအုန်းလုပ်ငန်းရှင် ဝက်ဟာရီပတ်မိုယာ့စ်မိုလိုက လူလေးဦးအား အမေရိကန်ဒေါ်လာ သုံးထောင်နီးပါး ပေးပြီး အဆိုပါ သတင်းထောက်နှစ်ဦးကို သတ်ခိုင်းခဲ့မှုဖြင့် ဖမ်းဆီးထားပြီဖြစ်ကြောင်း မြောက်ပိုင်း ဆူမတြားအာဏာပိုင်များက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ပတ်မိုယာ့စ်မိုလိုသည် ဆပ်ပြာမှသည် ချောကလက်အထိ ကုန်စည်များတွင် အများဆုံးအသုံးပြုသော ဟင်းရွက်ဆီဖြစ်သည့် ဆီအုန်းထုတ်လုပ်ရာ ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်သည်။

အသတ်ခံရသည့် သတင်းထောက်နှစ်ဦးက ပတ်မိုယာ့စ်မိုလို၏ ကုမ္ပဏီနှင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေသခံများဖက်က ရပ်တည်ကာ သတင်းလိုက်လံရေးသားနေခြင်း ဖြစ်သည်။

ထိုသို့ မြေယာအငြင်းပွားမှုတွင် ၎င်းတို့နှစ်ဦး ပါဝင်မလာအောင် လက်စဖျောက်သတ်ဖြတ်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ကောက်ချက်ချထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required