ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲနေ

ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲနေ

နေပြည်တော်၊ နိုဝင်ဘာ ၂၅ ။          ။ ပြောင်းလဲလာသည့် အခြေအနေများကြောင့် လက်ရှိ ကျင့်သုံးနေသော ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲနေပြီး လာမည့်၁၅ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး အခမ်းအနား ခေတ္တ ရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “အဲ့တော့ ပြည့်တန်ဆာဆိုင်ရာဥပဒေမှာတော့ ပြည့်တန်ဆာ လုပ်ငန်းလုပ်တဲ့ အမျိုးသမီးတွေကို အဓိက အကာအကွယ်ပေးဖို့ပါ။ ကျွန်မတို့က အကာအကွယ်ပေးဖို့လုပ်တာပါ။ အဲ့တော့ အကာအကွယ်ပေးတယ်လို့ ပြောတဲ့နေရာမှာလည်း နှစ်ပိုင်းပေါ့နော်။ တစ်ပိုင်းကကျတော့ ဒီလုပ်ငန်းတွေ ဒီနယ်ပယ်ထဲကနေ လွတ်ထွက် လာအောင်ပြုစုပျိုးထောင်ပေးမယ်။ အဲ့ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းကကျတော့ သူ့ရဲ့လိုအပ်ချက်တွေ ကျန်းမာရေးလိုအပ်ချက်တွေ၊လူမှုစီးပွားဘဝလိုအပ်ချက်တွေ ကိုကျွန်မတို့ဆောင်ရွက်ပေးဖို့ကို အဓိကထား တယ်။ အဲ့တော့ ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ပတ်သက်ရင် ကျွန်မ တို့ဥပဒေအရ အရေးယူဖို့အတွက်ကို ကျွန်မတို့ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောသည်။

လက်ရှိတွင် လိင်လုပ်သားများ အကြမ်းဖက်ခံရမှု ခေါင်းပုံဖြတ်ခံရမှုများရှိနေပြီး လိင်လုပ်သားဆိုသည့်နေရာတွင် အမျိုးသမီးများသာ မဟုတ်ဘဲ ယောက်ျားလေး လိင်လုပ်သား၊ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBT) များအတွက် ပါ ပြည့်တန်ဆာဆိုင်ရာ ဥပဒေထဲ၌ ပါဝင်ရမည်ဟု ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ကဆိုသည်။

 “ခေါင်းစဉ်ကစလို့ ပါဝင်တဲ့အချက်တွေ၊မူသဘောတွေ ဒါတွေအားလုံးကို ကျွန်မတို့ ပြန်လည်ပြီးတော့ သေသေ ချာချာညှိုနှိုင်းမှသာလျှင်ကျွန်မတို့အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုမှာ လိင်လုပ်သားတွေလည်း မကျန်ရစ်ခဲ့ဘဲနဲ့ ပဲပေါ့။ ကွန်ဗင်းရှင်းတွေအားလုံးနိုင်ငံတကာနဲ့ရင်ဘောင်တန်းဖို့ ပြောပေမယ့် မတန်းနိုင်သေးဘူး။ ဓလေ့ထုံးစံတွေ ရှိတယ်။ ယဉ်ကျေးမှုတွေ ရှိတယ်။သို့သော်ဒါလေးကို ဖောက်ထွက်ပြီးတော့ ကျွန်မတို့ရဲ့အမျိုးသမီး လိင်လုပ်သားတွေ အခွင့်အရေးတွေမဆုံးရှုံးရဖို့ အကြမ်းဖက်မခံရဖို့၊ ခေါင်းပုံဖြတ်မခံရဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆက်လက် ညှိုနှိုင်းရဦးမှာ ဖြစ်တဲ့အတွက် ဒါလေးကတော့နည်းနည်းကြာဦးမယ်လို့ ထင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်၊အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါက်တာဒေါ်ခင်စိုးစိုး ကြည်က ပြောသည်။

ထို့အပြင် ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေသည့် အမျိုးသမီးများ၏ဘဝရပ်တည်နိုင်ရေးအတွက် ပြည်လည် ပြုစုပေးနိုင်ရန် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အမျိုးသမီးစောင့်ရှောက်မှုစင်တာတွင် ၎င်းတို့၏ သဘောဆန္ဒ အလျောက် အကာအကွယ်ပေးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required