၂ဝ၁၉ အပိတ်ပွဲတွင် နောက်ဆုံးပိတ် အိတ်နှင့်လွယ်ရမည့် တီရဲလ်ထန်

၂ဝ၁၉ အပိတ်ပွဲတွင် နောက်ဆုံးပိတ် အိတ်နှင့်လွယ်ရမည့် တီရဲလ်ထန်

“ပထမပွဲမှာထိုးခဲ့တဲ့ ပုံစံနဲ့မတူဘဲ ကျွန်​​တော်​ရဲ့ အခြားပုံစံကို ပြနိုင်​ဖို့အတွက်​ ကျွန်​​တော်​ လက်​​ဝှေ့ကိုလည်း ပိုမိုအားစိုက်​​​ လေ့ကျင့်နေသလို ​အ​ကောင်းဆုံး ​ကြိုးစားလေ့ကျင့်​နေပါတယ်​။ ဆက်​လက်​ ပြီး​တော့လည်း အား​ပေးကြပါဦး”ဟု လူမှုကွန်ရက်မှ တဆင့် ပရိသတ်များထံ စကားပါးခဲ့သူက ONE Championship ၏ မြန်မာကစားသမားတစ်ဦးဖြစ်သည့် ချင်းလူမျိုး “Dragon Leg” တီရဲလ်ထန်ဖြစ်သည်။

တီရဲလ်ထန်သည် လာမည့် ဒီဇင်ဘာလထဲတွင် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ONE:Mark of Greatness ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲသည် ၎င်း၏ဒုတိယမြောက် ကိုယ်ခံပညာ သိုင်း ပေါင်း စုံ ပရော်ဖက်ရှင်နယ် ပွဲလည်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ၂ဝ၁၉ ခုနှစ်အတွင်း ONE Championship ၏ နောက်ဆုံး ပြိုင်ပွဲအဖြစ် ကျင်းပသည့်ပွဲလည်း ဖြစ်သောကြောင့် တီရဲလ်ထန်သည် နောက်ဆုံးပိတ်အိတ် နှင့်လွယ်ရမည့် မြန်မာကစားသမားဟု ဆိုနိုင်သည်။

တီရဲလ်ထန်သည် အပျော်တမ်းကစားသမားဘဝတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲ ၃ ပွဲနိုင်၊ ၃ ပွဲရှုံး ရလဒ် ရရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် ပရော်ဖက်ရှင်နယ်ဘဝသို့ ကူးပြောင်းခဲ့ပြီး ပြီးခဲ့သည့် မတ်လမှ စတင်ကာ ပထမဆုံး ONE Championship ပွဲကို ကစားခွင့် ရခဲ့သည်။ တီရဲလ်ထန်သည် အဆိုပါ ပွဲတွင် ပြိုင်ဘက် Rin Saroth ကို သုံးချီ အကြိတ်အနယ်ကစားပြီး အမှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ယင်းနောက်တွင် တစ်ပွဲမှ ထပ်မကစားခွင့် မရခဲ့ဘဲ ၈ လခန့် ပွဲဆက် ပြတ်နေခဲ့သည်။ သို့သော်လည်း တီရဲလ်ထန်သည် ယင်းကာလအတွင်း စိတ်ဓာတ်မကျဘဲ လေ့ကျင့်ရေးကိုသာ ဖိလုပ်ပြီး ထပ်မံရလာမည့် အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။

“ဘဝမှာ​ အောင်​မြင်​မှု ပန်းတိုင်​​ကို​ လျှောက်​လှမ်း​နေစဉ် ရှုံးနိမ့်ခြင်း၊ စွန့်လွှတ်​ခြင်း၊ ပေးဆပ်​ခြင်း၊ အထင်​​သေးခြင်း၊ ​​အပယ်​ခံရခြင်းစသည့်ထောင်​​ပေါင်း များစွာ​သော ဒုက္ခများကို ရင်ဆိုင်ရလျှင်လည်း ​​​​စိတ်ဓါတ်ကျ ​​​အရှုံးမ​ပေးဘဲ ကိုယ့်ကိုယ်​ကို ယုံကြည်​မှု၊ ကြိုးစားမှုနှင့် လစ်​လျူ ရှုခြင်းတို့ဖြင့် အနိုင်​ယူလိုက်​ပါ။ ကြိုးစားအားထုတ်​မှု ရှိ​နေသ​ရွေ့ ​အောင်​မြင်​မှု ဆိုတာကို ပိုင်​ဆိုင်​နိုင်​​ သေးလို့ပါပဲ။ ဒါ​ကြောင့်ဘယ်​​တော့မှ ကြိုးစားမှုကို မရပ်​တန့်လိုက်​ပါနဲ့”ဟု တီရဲလ်ထန် ကိုယ်တိုင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သလို ကိုယ်တိုင်လည်း လိုက်နာ ကျင့်သုံးခဲ့သည်။

အဆိုပါ ကာလအတွင်း တီရဲလ်ထန်သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲများ ကစားခွင့် မရသည့်တိုင် ၎င်း၏ ချင်းရိုးရာ အပျော်တမ်း နပမ်းပွဲများတွင် ပါဝင်ကစားခဲ့သေးသည်။ ငယ်စဉ်ကတည်းက ချင်းရိုးရာ နပမ်းကို ကျွမ်းကျင်တတ်မြောက်သည့် တီရဲလ်ထန်သည် အမေရိကန်ရောက် ချင်းလူမှုအဖွဲ့အစည်းများက ကျင်းပပေးသည့် WPC ချင်းနပမ်းပွဲတွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ဆွတ်ခူး နိုင်ခဲ့သည်။ တီရဲလ်ထန်သည် ယခင်ကလည်း ယင်းချန်ပီယံဆုကို ၄ ကြိမ် ရရှိခဲ့ဖူးသေးသည်။

“ကျွန်​​တော်​တို့ ယဉ်​​ကျေးမှု အ​မွေနှစ်​က ကျွန်​​တော်​တို့​​​ ဘယ်​သူဆိုတာကို သတ်​မှတ်​​ပေးသလို​ ကျွန်​​တော့်ရဲ့ ​ယုံကြည်မှုနဲ့ ကြိုးစားမှု အရင်း​မြစ်​ ကလည်း ဒီနေ့ ကျွန်​​တော်​့ ရပ်တည်မှု ဘယ်လို​​​လဲ ​ဆိုတာကို သိ​အောင်​ လုပ်​​ပေးပါတယ်​။ ကျွန်​​တော်​တို့ရဲ့ ချင်းအ​မွေနှစ်​ဖြစ်​တဲ့ ချင်းနပန်းပြိုင်​ပွဲ (WPC) မှာ ​ဝင်​ပြိုင်​နိုင်​ခဲ့ပြီး ​အနိုင်​ရရှိခဲ့တဲ့ အတွက်​ ဝမ်းသာ​ ကျေနပ်​မိပါတယ်​။ ​နောက်​ထပ်​ ONE Championship ပွဲမှာ ချင်းနပန်း နည်းပညာတွေ ကိုလည်း ကျွန်​​တော်​​​​​​ ပြန်​လည်​ အသုံးချနိုင်​ဖို့အတွက်​ အရမ်း​ စိတ်​လှုပ်​ရှားနေပါတယ်​။ ​နောက်​ထပ်​လည်း နိုင်​ငံ့ ကိုယ်​စားပြုအ​နေနဲ့ ထပ်​ကစားနိုင်​ဖို့ ​မျှော်​လင့်ပါတယ်​”ဟု တီရဲလ်ထန်က ယင်းပြိုင်ပွဲတွင် ပြောခဲ့ဖူးသည်။

လက်ရှိတွင် တီရဲလ်ထန်သည် အောင်လအန်ဆန် နှင့်အတူ အမေရိကန် နိုင်ငံမှ Hard Knocks 365 ကလပ်တွင် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်နေသည်။ နပမ်းပညာရပ်တွင် အခြေခံ ရှိပြီးသား ဖြစ်သလို မြေပြင် ကစားကွက် အားသန်သည့် တီရဲလ်ထန်သည် အဆိုပါ ကလပ်တွင် ၎င်း၏ ခန္ဓာကိုယ် ကြံ့ခိုင်ရေး လေ့ကျင့်မှုများနှင့် မတ်တပ်ရပ် တိုက်ခိုက်မှု အပိုင်းကို အထူးပြု လေ့ကျင့်လျက် ရှိသည်။ ပထမ ကစားခဲ့သည့် ပွဲတွင် ပြိုင်ဘက်ကို နပမ်း ပညာဖြင့် တောက်လျှောက် ဖိအားပေး ခဲ့ရာမှ ယခုပွဲတွင် မတူညီသည့် ပုံစံ ကစားနိုင်ရန် အနောက်တိုင်း လက်ဝှေ့ကို ပြန်လည်လေ့ကျင့် နေခြင်း ဖြစ်သည်။

ယခုပွဲတွင် တီရဲလ်ထန်နှင့် ရင်ဆိုင်ရမည့်သူက တောင်ကိုရီးယား အားကစားသမား Kim “The Kid” Woon Kyoum ဖြစ်သည်။ အသက် ၃ဝ အရွယ် Kyoum သည် အသက် ၁၉ နှစ် ကတည်းက မွေထိုင်းကို ထိုင်းနိုင်ငံ အထိ သွားရောက် သင်ယူခဲ့ဖူးသူ ဖြစ်ပြီး ဂျပန် ကိုယ်ခံပညာ ပြိုင်ပွဲများ ဖြစ်သည့် DEEP၊ GRACHAN FIGHT တို့တွင်လည်း ယှဉ်ပြိုင် ခဲ့ဖူးသည်။ Kyoum သည် မတ်တပ်ရပ် ယှဉ်ပြိုင်မှုတွင် ကျွမ်းကျင်သလို ဂျူဒို၊ နပမ်း၊ ကရာတေး၊ ဂျူဂျစ်ဆု ပညာရပ်များလည်း တတ်မြောက်သည်။ ထို့ကြောင့် Kyoum သည် ONE Warrior Series တွင် ပါဝင်ခွင့် ရခဲ့ကာ ပထမဆုံး ပွဲကို တစ်ချီတည်းနှင့် အလဲထိုး/ဒိုင်ပွဲရပ် အနိုင်ရခဲ့သဖြင့် ONE Championship သို့ ခေါ်ယူခံခဲ့ရသူ ဖြစ်သည်။

တီရဲလ်ထန်သည် ၎င်းထက် အသက်ပိုကြီးပြီး အတွေ့အကြုံ များပြားသည့် ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ၎င်းအားသန်သည့် မြေပြင် နပမ်း ချုပ်ကွက်များရော၊ ယခုနောက်ပိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသည့် မတ်တပ်ရပ် တိုက်ခိုက်မှု ပညာရပ် များကိုပါ တွဲဖက် ကစားရဖွယ် ရှိနေသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက် လာခြင်းနှင့် အသက်အရွယ် ပိုမို ငယ်ရွယ်ခြင်းက တီရဲလ်ထန်၏ အားသာ ချက်များ ဖြစ်ပြီး ONE Championship တွင် နောက်ထပ် ပွဲဆက် မပြတ်တော့ဘဲ ပုံမှန်ပါဝင်ခွင့် ရနေစေရေး အတွက် ယခုပွဲကို ရလဒ်ကောင်းရန် လိုအပ် နေသည်။

“ကျွန်တော် ဒီနေရာကို ကစားပွဲ အတွက် သက်သက် ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်​​တော့်မိသားစုကို ​ကာကွယ်​စောင့်​ရှောက်​နိုင်​ဖို့၊ ကျွန်​တော်​့ လူမျိုး​​တွေကို အားလုံးက အသိမှတ်​ပြုနိုင်​ဖို့အတွက်​ ကြိုးစားပြီး ကျွန်​​တော်​ ဒီ​နေရာမှာ ရောက်​ရှိလာရခြင်း ဖြစ်​ပါတယ်​”ဟု တီရဲလ်ထန်က အဆိုပါပွဲ အတွက် ရည်ရွယ်၍ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required