ပရဟိတသမားကို ဘောင်ခတ်ပြီး မကြည့်စေချင်ပါလို့ဆိုတဲ့ ခင်နှင်းကြည်သာ

ပရဟိတသမားကို ဘောင်ခတ်ပြီး မကြည့်စေချင်ပါလို့ဆိုတဲ့ ခင်နှင်းကြည်သာ

ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာပေါ်မှာ လူတွေဟာ လူသားချင်း ကိုယ်ချင်းစာနာမှု နည်းပါး လာနေကြပါတယ်။ ဒါပေမယ့် အဲဒီလူတွေထဲမှာပဲ မိမိတို့ရဲ့ဘဝကို စွန့်လွတ်အနစ်နာခံပြီး၊ လူသားအချင်းချင်း ကူညီဖေးမနေသူတွေ လည်း ရှိနေပါတယ်။ သူတို့တတွေကတော့ နှလုံးသားလှသူလို့ ဆိုရမှာဖြစ်တဲ့ ပရဟိတသမားများပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စွန့်လွတ်အနစ်နာခံမှုတွေကို ကြည့်ရှုပြီး ကျွန်တော်တို့တတွေရဲ့ စိတ်ထဲမှာလဲ လူသားချင်းကူညီ ဖေးမလိုတဲ့စိတ်တွေ၊ သူသားချင်းစာနာစိတ်တွေ ပေါက်ဖွားလာကြမှာဖြစ်ပါတယ်။

ဒီတစ်ပါတ် Meet the successful အစီအစဉ်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ မရဟိတလုပ်ငန်းတွေကို ငယ်စဉ်ကတည်းက စတင်လုပ်ကိုင်ခဲ့ရင်း ယခုအချိန်မှာတော့ အင်တာနက် ၊ ဖေ့လ်ဘုတ် လူမှုကွန်ရက်တွေကတစ်ဆင့် ကြယ်ဖြူမလေးလို့ လူသိများလာခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမား မခင်နှင်းကြည်သာပဲဖြစ်ပါတယ်။ သူဟာ အခုအချိန်မှတော့ တစ်ကိုယ်တော်ပရဟိတ သမားများကွန်ရက်အနေနဲ့ ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ အခုလို အများက အတုယူကြရတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ မခင်နှင်းကြည်သာရဲ့ ဘဝဖြတ်သန်းပုံအစုံစုံကို သိရှိနိုင်စေဖို့ ဒီတစ်ပါတ်မှာ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

၁၉၈၆ ဒီဇင်ဘာလ၊ ၂၉ ရက်ပေ့ါ။ အဲဒီမှာ ကျွန်မ ပျဉ်းမနားမြို့မှာမွေးတယ်။ ပျဉ်းမနားမြို့မှာ မွေးပြီးတော့ ရေဆင်းမှာ ကျွန်မတို့နေတယ်။ ရေဆင်းဆိုတာရွာလေး။ အဲဒီရွာလေးမှာ တက္ကသိုလ် သုံးခုက အမှီပြုတယ်ပေ့ါနော်။ ကျွန်မဖေဖေက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က ဒေါက်တာ မောင်မောင်ဆန်း၊ ကျွန်မမေမေက ဒေါက်တာခင်မာမာ၊ ကျွန်မက ညီအစ်မ လေးယောက်ရဲ့ အငယ်ဆုံးပေ့ါ။ ကျွန်မရေဆင်းမှာဘဲ ဆယ်တန်းအောင်တယ်။ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ် တက်မယ်ဆိုပြီး ကျွန်မရန်ကုန်ကို လာခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်မဆယ်တန်းအောင်တယ်ပေ့ါနော်။ တက္ကသိုလ်ကို ကျွန်မက အရှေ့ပိုင်းတက္ကသိုလ် တာဝမှာ၊ စာကြည့်တိုက်နဲ့ သုတပညာ ကျွန်မ တက်တယ်။ ပြီးတော့ အဲဒီက မဟာဂုဏ်ထူးတန်းဘွဲ့ကို ယူတယ်။ မဟာတန်းဘွဲ့ကိုတော့ ကျွန်မ ရန်ကန်ုတက္ကသိုလ်ထဲမှာ ကျွန်မယူလိုက်တယ်။ ၂၀၁၀ မှာကျွန်မအားလုံး ဘွဲ့ရတယ်ပေ့ါနော်။

 

ဟုတ်ကဲ့ပါခင်ဗျာ၊ အဲဒီတော့ ကျောင်းတွေတက်နေတဲ့အချိန်မှာ ဘယ်အချိန်လောက်က စပြီးတော့ ဘယ်အရွယ်လောက်မှာ ပရဟိတလုပ်ငန်းတွေကို စလုပ်ကိုင်ဖြစ်တာလဲ။

ကျွန်မအနေနဲ့ ၂၀၀၇ လောက်ဖြစ်မယ်။ ၂၀၀၆-၂၀၀၇ လောက်ပေါ့နော်။ ကျွန်မ အရှေ့ပိုင်းတက္ကလိုလ် မှာကျောင်းတက်နေရင်းနဲ့ ကျွန်မအရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျွန်မနဲ့ စာအပြန်အလှန်လည်း ရေးဖြစ်တယ်ပေ့ါနော်။ သူက ကျွန်မ ၈တန်း၊ ၉တန်းလောက်မှာ သူ့အဖေနဲ့ အမေနဲ့ဆုံးသွားလို့ တောကိုသွားပြန်နေရတယ်။ သူ့အဘွားတွေနဲ့ပေ့ါနော်။ ပြန်နေရတဲ့အခါကျတော့ ကျွန်မတို့တက္ကသိုလ်တက်တဲ့အချိန်မှာ သူကတက္ကသိုလ်တက်ဖို့ ခက်တယ်။ ဆိုတော့ အဖေနဲ့အမေ လည်း မရှိတော့ဘူးကိုး။ အဘွားအိမ်မှာနေရတဲ့အခါကျတော့ သူဒုတိယနှစ်လောက်မှာ ဆက်တက်ဖို့ခက်လာတော့ ကျွန်မနဲ့သူနဲ့ အပြန်အလှန်စာရေးဖြစ်ကြတယ်။ စာရေးဖြစ်တော့ သူကျောင်းဆက်မတက်တော့ဘူးပေ့ါနော်။

သူအပြင်မှာဘဲ ဘော်လန်ဒီယာဆရာမပေ့ါနော်။ သူက ဘွဲ့လည်းမရသေးဘူးဆိုတော့ ဆရာမအနေနဲ့ ရဖို့ကခက်တာကိုး။ ဆိုတော့ အဲလိုမျိုး အကူဘဝနဲ့ပဲ သူနေတော့မယ်ပေ့ါနော်။ ရတဲ့ငွေလေးနဲ့ပဲ သူဘာသာသူနေတော့မယ်ဆိုတော့ ကျွန်မကပြောတယ် ကျွန်မနိုင်သလောက်ကူညီချင်တယ်ပေ့ါနော်။ ဆိုတော့ ကျွန်မရတဲ့မုန့်ဖိုး အဲဒီနေ့က တစ်နေ့ကို တစ်ထောင်ရတယ်ထင်တယ်။ တစ်နေ့တစ်ထောင်ရတော့ နင့်အတွက် ငါ ငါးရာပေးမယ်။ ငါ ငါးရာပဲ သုံးမယ်ပေ့ါနော်။ ဆိုပြီးတော့ အဲဒီလိုမျိုး သဘောတူညီချက်နဲ့ ကျွန်မသူ့ကို ကျွန်မရတဲ့ လခလေးကို ခွဲခွဲပြီးတော့ ပို့ပေးတယ်။ နင်ကလည်း ချိုးချန်သုံး ငါကလည်း ချိုးချန်သုံးမယ်ပေ့ါနော်။ မိဘတွေကို တော့ ကျွန်မအပူမကပ်မိဘူး။ မကပ်မိဘူးဆိုတာက ကျွန်မတို့က ညီအစ်မလေးယောက်ရှိတယ်။ ညီအစ်မ လေးယောက်စလုံးကျောင်းတက်ရတဲ့အခါ မိဘမှာလည်း ကုန်ကျစရိတ်ကြီးတယ်လေ။ ကျွန်မက ကိုယ်လုပ်ချင်တာလေးတစ်ခုကို သူများကို ဝေမပေးချင်ဘူးပေ့ါနော်။ ကျွန်မက ကိုယ့်လခ ကိုယ့်မုန့်ဖိုး လေးကိုဘဲ ခွဲပြီး သူငယ်ချင်းကို ပို့ဖြစ်တယ်။ ကျွန်မနဲ့သူနဲ့မှာတော့ သဘောတူညီချက်ရှိတယ်။ ငါက နင့်ကို ငါနိုင်တာလေးနဲ့ ကူညီတာဖြစ်တဲ့အတွက် နင်လည်း နင်ကူညီနိုင်တာလေးနဲ့ပြန်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ပြီးကူညီကြမယ်ပေ့ါနော်။

ဆိုတော့ ၂၀၀၇ လောက်မှာ ကျွန်မတို့ ကူညီတယ်။ ၂၀၀၈ လောက်မှာ နာဂစ်ဖြစ်တယ်။ ပြီးတော့ ကျွန်မသူငယ်ချင်းအိမ်ပါသွားတယ်။ သူက ကျောင်းတက်ဖို့ခက်ခဲရတဲ့ကြားထဲ မိသားစုဆင်းရဲရတဲ့ကြားထဲ သူတို့အိမ်ပါ ပါသွားတယ်။ ပါသွားတော့ ကျွန်မ သူတို့ဆီသွားရင်းနဲ့ အဲဒီမှာ ကလေးလေးတွေကို သွားတွေ့တယ်။ ကလေးလေး ငါးယောက်ပေါ့နော်။ ကလေးငါးယောက်ကိုတွေ့တယ်။ သူတို့က စာတော်တယ်။ ကျွန်မသူငယ်ချင်းကလည်း စာသင်ပေးတယ်ပေ့ါနော်။ စာတော်တဲ့ကလေးလေးတွေက ကျောင်းတက်ဖို့ခက်တယ်။ ခက်တော့ ကျွန်မတို့နှစ်ယောက်က ဘယ်လိုစဉ်းစားကြလဲဆိုတော့ ငါတို့နှစ်ယောက်က တစ်ယောက် ငါးရာစီသုံးကြတယ်ပေ့ါနော်။ အဲဒီတော့ နင်လည်း ၂၅၀ ပဲသုံး၊ ငါလည်း ၂၅၀ ပဲ သုံးတော့မယ်။ ကျန်တဲ့ငွေတွေ ကလေးငါးယောက်ကို ကျောင်းထားကြမယ်။ နင်ကကလေးတွေကို စာလာသင်ပေး။ ကလေးတွေလိုအပ်တဲ့ စရိတ်နဲ့ စာအုပ် ကျောင်းတက်တဲ့စရိတ်တွေ ငါပေးမယ်။ အဲဒီပိုက်ဆံတွေကို ကျွန်မတို့ခွဲဝေပြီးတော့ ကလေးတွေလည်းကျောင်းတက်တယ်။ ကလေးငါးယောက်လည်း ကျောင်း တက်တယ် ကျွန်မတို့နှစ်ယောက်လည်း ကျောင်းတက်ကြတယ်ပေ့ါ။ ဆိုပြီးတော့ ကလေးတွေလည်း ၁၀ တန်းအောင်ကြ၊ ကျွန်မတို့လည်း ဘွဲ့ရကြဆိုတော့ ကျွန်မရဲ့ ပရဟိလုပ်ငန်းက အဲဒီကနေစပြီး ကျွန်မအမြဲတမ်း လုပ်လာခဲ့တယ်ပေ့ါ။

ကိုယ်တိုင်ကလည်း ပညာရေးကို အရေးပေးသလို ကလေးငယ်များကိုလည်း ပညာတတ်များဖြစ်လာ စေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မခင်နှင်းကြည်သာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဝေးလံခေါင်ပြားတဲ့ ဒေသတွေကို သွားရောက်ပြီး အဲဒီဒေသက ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များနဲ့ ပူးပေါင်းလို့ ပညာသင်ကြားနိုင်ရေးအတွက် အကူအညီထောက်ပံ့ ပေးနေသူလည်းဖြစ်ပါတယ်။ ခက်ခဲတဲ့ခရီးလမ်းကြမ်းတွေကို ကျော်ဖြတ်ခဲ့ရတာမို့် ခရီးစဉ်တိုင်းဟာ သူ့အတွက်တော့ အမှတ်တရဖြစ်နေတယ်လို့ ပြောပြပါတယ်။

ခရီးစဉ်တိုင်းက အမြဲတမ်းအမှတ်တရတွေချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ခက်ခဲတဲ့လမ်း ကိုရွေးချင်တာ သဘာဝဖြစ်နေတယ်။ ဆိုတော့ နှစ်ခုယှဉ်လိုက်လို့ ဘယ်ဟာပိုခက်ခဲသလဲ ခက်ခဲတဲ့လမ်းကို ငါတို့ရွေးကြမယ် ဆိုတဲ့ဟာနဲ့ ကျွန်မတို့သွားတယ်။ ရေဘေးကယ်ဆယ်ရေးကာလမှာဆိုရင် ကျွန်မတို့ကို လှိုင်းတွေလေတွေ ထန်တဲ့အထဲကို လှေသမားက မှောက်မှာဘဲ မှောက်ရင်သေမှာဘဲ။ မှောက်တော့မှာဘဲ အဲဒီစကားနဲ့ ကျွန်မတို့က လှိုင်းတွေ၊ ပင်လယ်တွေထဲကို ဖြတ်တယ်။ ဖြတ်ပြီးတော့ ရေဘေးသင့်နေတဲ့ ဒေသတွေဆီသွားတယ်။ ပြီးရင် သူတို့ဆီက အချက်အလက်တွေ ကျွန်မတို့ ကောက်တယ်။ ပြီးရင် ကျွန်မတို့က အစိုးရတွေဆီ အဲဒီအချက်အလက်တွေ တင်ပေးတယ်ပေ့ါနော်။

ချင်းပြည်နယ်ကို ကျွန်မတို့သွားတယ်။ ချင်းပြည်နယ်ကို သွားတဲ့အခါကျတော့ လမ်းတွေက ပျက်တယ်။ လမ်းမှာဘဲအိပ်ရတော့မလိုလို အောက်ကို ဆင်းတော့လည်း အောက်မှာ ကျွတ်တွေ၊ မျှော့တွေက တစ်ပုံတပင် ကားပေါ်မှာဘဲ ကျွန်မတို့နေတယ်။ ကားကလည်း ဈေးကြီး၊ ကျွန်မတို့ လမ်းတွေကုန်းကြောင်းလျှောက်ရတယ်ပေ့ါနော်။ ကိုယ်သွားနေရင်းနဲ့ လမ်းမှာမြေတွေကပြိုတာ ကျွန်မတို့ တွေ့ရတယ်။ ကိုယ့်ကား ပျက်တဲ့အခါမှာ မြေကြီးထဲကို ပြိုကျသွားမလားပေ့ါ။ ကျွန်မတို့ လမ်းပြိုကျနေတဲ့ နေရာမှာ ကားရပ်သွားတယ်။ ဆိုတော့ လမ်းကလည်း တအိအိ ပြိုဆင်းနေတယ်။ ဒီကားကို ဒီမြေပြိုတဲ့နေရာကနေ တွန်းရွေ့ကြပေ့ါနော်။ အဲဒီမှာ ဖြတ်သွားဖြတ်လာသူတွေ ကူညီ ပါဦးတောင်းတော့လည်း သူတို့ကလည်း လမ်းပြိုနေတဲ့ နေရာကို အမြန်ဖြတ်ရတဲ့အတွက် ကျွန်မတို့ကို မကူညီနိုင်ဘူး။ ကျွန်မတို့ကလည်း ဒီကားကလည်း ထားခဲ့လို့မရ။ လူတွေကလည်း ဒီကားကြီးကို ဆွဲလို့က မနိုင်၊ လူတွေနဲ့ ရွံ့တွေနဲ့ပေစုတ်လို့။ ဆိုတော့ အဲဒီကားကြီးက ပြိုတဲ့နေရာ ကနေပြီးတော့ အမြန်ဆုံးတွန်းကြတယ်ပေ့ါ။ ကျွန်မတို့ရဲ့ အမှတ်တရလို့ပြောရရင်တော့ ခရီးစဉ်တိုင်း က ကျွန်မတို့ရဲ့အမှတ်တရပါပဲ။

 

ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အတူတကွမွေးဖွားလာကြပါတယ်။ ကျွန်တော်တို့ မွေးဖွားလာတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ချစ်ခင်ကြသလို မိသားစုဝင်တွေ အချင်းချင်းကလည်း တစ်ဦးကို တစ်ဦးချစ်ခင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မိသားစုတွေအချင်းချင်း နားလည်မှု တွေ နည်းပါးပြီး စိတ်အခန့်မသင့်ဖြစ်တတ်သလို ကမ္ဘာပေါ်မှာရှိတဲ့လူတွေဟာလည်း တစ်ခါတစ်ရံမှာ အချင်းချင်းနားလည်မှုလွှဲမှားပြီး ပဋိပက္ခတွေ ဖြစ်တတ်ကြပြန်ပါတယ်။

 

ဆိုတော့ အခုလိုမျိုး ပင်ပင်ပန်းပန်းလုပ်ရတယ်ဆိုတော့လည်း တစ်ခါတစ်လေမှာပေ့ါ အထူးသဖြင့် အခုနကပြောတဲ့ ဖေ့လ်ဘုတ်၊ လူမှုကွန်ရက်ပေါ်မှာ ပရဟိတသမားတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေ ပေ့ါ နားလည်မှု လွဲမှားတဲ့ဟာလေးတွေကလည်း ကျွန်တော်တို့ မကြာခဏဆိုသလိုတွေ့နေရတယ်။ အဲဒီ အပေါ်မှာကော မခင်နှင်းကြည်သာအနေနဲ့ ဘယ်လိုမျိုးထင်လဲ။

 

အရဟိတသမားဆိုတာက ဘယ်လိုပြောမလဲ သူလည်းလူပဲ၊ နတ်ကဖန်ဆင်းလာပြီး နတ်က ကြွေလာတဲ့လူတွေမဟုတ်ဘူး။ သူတို့မှာလည်း ဒေါသရှိမှာပဲ မအားလပ်တဲ့ အခြေအနေတွေရှိ မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိသားစုအခြေအနေရှိမှာဘဲ ဆိုတော့ ပရဟိတသမားဆိုတာကို ဘောင်တစ်ခု ခတ်ပြီးတော့ သူဆိုတာက ဘယ်တော့မဆိုစိတ်ထားကောင်းနေလိမ့်မယ်။ သဘောကောင်းနေလိမ့် မယ်။ ဘယ်အချိန်မဆို ငါ့တို့ဘယ်လိုလုပ်လုပ်ဘယ်လိုပြောပြော သူတို့က သည်းခံ ခံယူချက်တရားနဲ့ ပြည့်နေပေလိမ့်မယ်လို့ဆိုတဲ့ ဘောင်ကြီးတစ်ခုမှာ ထပ်ခတ်ပြီးတော့ ပရဟိတ သမားတွေကို အမြဲတမ်း မြင်မနေစေချင်ဘူး။ သူတို့အမှားရှိမှာပဲ မှားတယ်ဆိုတာက မှားပါစေ။ လူတွေကို ထိခိုက်ပါစေတော့ ဒေသတွေကို ထိခိုက်ပါစေတော့ဆိုတဲ့ အမှားမျိုးမဟုတ်ဘူး။ သူတို့လည်း အဲဒီအချိန်မှာ ပရဟိတသမားတွေက အများအားဖြင့် ညအိပ်ရေးပျက်ကြတဲ့သူက များတယ်။ အစားအသောက်နည်းကြတာတွေပါတယ်။ ခရီးစဉ်ကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရ တယ်။ နောက်တစ်ခုက အများကြီးတွေးရတယ်။ အလှူရှင်တွေဘက်လည်း တွေးရတယ်၊ အလှူခံတွေ ဘက်ကလည်း တွေးရတယ်။

ဒီအလှူငွေတွေကို ထိထိရောက်ရောက် ဘယ်လိုသုံးမလဲ။ ဒေသရဲ့လိုအပ်ချက်က ဘာလဲ။ ငါတို့ သယ်လာတဲ့ ပစ္စည်းတွေက လိုအပ်ချက်နဲ့ ကိုက်ညီပါ့မလား။ တကယ်လို့ လိုအပ်ချက်နဲ့ သယ်လာတဲ့ဟာ မကိုက်ညီဘူးဆိုရင် ဘယ်လို ပြန်လုပ်မလဲဆိုတဲ့ အဲဒီမေးခွန်းပေါင်း များစွာ ဦးနှောက်ထဲမှာ အမြဲတမ်းပြေးနေတယ်။ ပြေးနေတဲ့အခါမှာ သူတု့ိတွေက အဲလိုမျိုးတွေ မေးခွန်းတွေထဲမှာ လည်နေတဲ့အခါ ရုပ်တစ်ရက် လုပ်လိုက်တဲ့အပြုအမူတွေက အမြဲတမ်းမှန်နေလိမ့်မယ်လို့အာမမခံနိုင်ဘူး။ အဲဒီအခါကျရင် ပရဟိတသမားတွေကို နားလည်ပေးစေချင်တာ။ နာလည်း ပေးစေချင်တာ၊ တွဲခေါ်ပေးစေချင်တာ။ နောက်တစ်ခုက ပရဟိတသမားတွေမှားနေရင်လဲ သူတို့ကို အပြုသဘောအနေနဲ့ တွဲခေါ်စေချင်တယ်။ ဘုရားလောင်းပုံပြင်ထဲမှာလိုဘဲ နွားတောင်မှ ဆဲရေး တိုင်းထွာရင် လှည်းငါးရာကို မဆွဲဘူး ဒါပေမယ့် တကယ်စကားကောင်းကောင်းနဲ့ ပြောတဲ့အခါမှာ လှည်း ငါးရာကို ရုန်းတယ်။ ပရဟိတ သမားလည်း အခုနလိုပြောတဲ့ နွားလိုဘဲ သူတို့လည်း ရုန်းနေရတာ။

ဒီ လှည်းငါးရာကို ဆွဲလိုက်လို့ ဒီနွားက နောက်ဆုံး ကောက်ရိုးကိုစားရမယ် ဘာမှပိုရတာမဟုတ်ဘူး။ ရွှေတွေငွေတွေလည်း သူရမှာမဟုတ်ဘူး။ သူ့ကို ပိုင်တဲ့သခင်တွေပဲ ရမှာ။ ဒါပေမယ့် သူ့ကို ချိုချိုသာသာလေး ခိုင်းလိုက်ရင် လှည်းငါးရာကို နွားကရုန်းသလိုဘဲ ပရဟိတသမားကို ချိုချိုသာသာ ပြောရင် ပရဟိတသမားက ရုန်းနေရတဲ့လူ။ ရွံ့တွေ ဗွက်တွေထဲမှာ ရုန်းနေကြတဲ့လူ။ ဆိုတော့ သူ့မှာ လည်း သူ့ဒေါသနဲ့သူ။ သူလည်း သူမကြိုက်တာရှိမှာပဲ။ နောက်တစ်ခုက ပရဟိတ သမားတွေကိုလည်း တုန့်ပြန်တာတွေကို အပြစ်လို့မမြင်စေချင်ဘဲနဲ့ သူတို့ရဲ့ ခံစားချက်လေးတွေ ရှိနေမှာပဲဆိုတဲ့ သဘောပေ့ါနော်။ ပရဟိတသမားတွေကိုလည်း ဘောင်တစ်ခုတည်းနဲ့ မခတ်ဘဲနဲ့ အဲဒီဘောင်လေးက နေ အပြင်ကနေကျော်ပြီးတော့ ရှိစေချင်ပါတယ်။။

 

အခုနက ပရဟိတဆိုတာကလည်း ကျွန်တော်တို့ ဒီ အတ္တနဲ့ ပရဆိုတာ နှစ်မျိုးရှိတာပေ့ါနော်။ ပရဟိတလုပ်တဲ့သူကလည်း လူတစ်ယောက်ပဲဖြစ်တဲ့အတွက် သူ့ရဲ့ ကိုယ်ပိုင်ဘဝဆိုတာလည်း ရှိမှာပေ့ါ။ အဲဒီတော့ မခင်နှင်းကြည်သာ အနေနဲ့ကော ဒီသူများတွေကို ကူညီနိုင်ဖို့ ကိုယ့်ရဲ့ဘဝမှာကော ဘယ်လောက်ထိ ပေးဆပ်ခဲ့ရတာတွေရှိလဲ။

ဘယ်လောက်ထိပေးဆပ်ရတာတွေရှိလဲဆိုတာ့ အဓိက အလုပ်ပေါ့နော်။ ကျွန်မတို့က မရဟိတ လုပ်ငန်းလုပ်တဲ့အခါမှာ တစ်မျိုးရှိတယ်။ ဒီပရဟိတအလှူငွေထဲမှာပဲ ကျွန်မတို့ရဲ့ ကုန်ကျစာရိတ်တွေ သုံးမလား။ ဒါမှမဟုတ်ရင် ပရဟိတက ရထားတဲ့အလှူငွေအကုန်လုံးကို ပရဟိတအတွက်ပဲ ကျွန်မ ပြန်သုံးမလား။ ကျွန်မတို့ ဒုတိယနည်းလမ်းဖြစ်တဲ့ ရသမျှအလှူငွေတွေအားလုံးကို အဲဒီအပြည့်အ၀ တစ်ရာလိုရင် တစ်ရာလုံး ကျွန်မတိုက ဒေသတွေကို ကျွန်မတို့က တာဝန်ယူပေးမယ်။ ဆိုတော့ ကျန်တာတွေအားလုံးက ကိုယ့်ငွေနဲ့ကိုယ်သုံးရတယ်။ ဆိုတော့ လူဆိုတော့ နေ့စဉ်စားရတယ်၊ သူသွားတာ လာတာ ကုန်ကျစရိတ်ရှိတယ်။ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ကုန်ကျစရိတ်ရှိတယ်။ အလှူရှင်နဲ့ တွေ့ရင်တောင်မှ ကိုယ်က အလှူရှင်ဆီက ကပ်စားနေလို့မရဘူး။ ကိုယ့်ဟာကို ကိုယ်ရှင်းနိုင်ဖို့လိုတယ်။

ဆိုတော့ ကျွန်မတို့အဲဒီအတွက် အလုပ်လုပ်ရတယ်။ အလုပ်လုပ်ရတဲ့အခါမှာ ကျွန်မတို့က ပရဟိတသမားတွေ ဖြစ်တဲ့အတွက်လိုရင်လိုအပ်တဲ့နေရာကို အချိန်နဲ့ တစ်ပြေးညီ ခရီးထွက်နေရတယ်။ ငတ်နေတဲ့လူက သူတို့ငတ်နေပါပြီလို့ပြောတဲ့အချိန် ကျွန်မက မအားသေးဘူး နောက်လလောက်မှ လာခဲ့မယ်။ ရှင်ကြားထဲမှာ ရှာကြံပြီး စားနှင့်ဦးလို့ ပြောလို့မရဘူး။ ဒီနေရာမှာ ဒီလိုလိုနေတယ်ဆိုရင် ကျွန်မတို့က အနီးကပ် တစ်ရက်နှစ်ရက် အတွင်း ထွက်နိုင်အောင် ကျွန်မတို့က ပြင်ဆင်ရတယ်။ ဆိုတော့ အဲဒီပြင်ဆင်ရတဲ့ အခါ ကျွန်မတို့က သူများတွေထက် အလုပ်ပိုလုပ်ရတယ်။ အဲဒါကြောင့် အလုပ်ရှင်က ငြိုငြင်လို့ မရဘူး။ အလုပ်ရှင်က ကျွန်မတို့ကို ငြိုငြင်လို့ ဒီအလုပ်မှာ မထားတော့ဘူး ဆိုလို့ရှိရင် ကျွန်မတို့က ဘာမှ လုပ်စရာမရှိဘူး။ ပရဟိတသမားဆိုတာက အလုပ်တစ်ခု အလုပ်ခွင်ထဲမှာ နေတဲ့အခါ ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေထက် မတော်သည့်တိုင်အောင် ကျွန်မတို့က် ကျွမ်းကျင်နေအောင် ကြိုးစားပြီးလုပ်ပေးရတယ်။ အဲဒီလိုလုပ်ပေးမှ အလုပ်ရှင်က ကိုယ့်ကိုယုံမှာလေ။ ဆိုတော့ ကျွန်မတို့က အဲဒီလိုမျိုးကြိုစားနေရတယ်။ နောက်တစ်ခုက လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်ပြေအောင်ပေ့ါ ဆိုတော့ ကျွန်မတို့မရှိတဲ့အချိန်မှာ ကျွန်မတာဝန်တွေကို လွှဲယူခွင့်ရမှာကိုး။

ကျွန်မက သူတို့နဲ့အဆင်မပြေဘူးဆိုရင် တာဝန်မယူပေးရင် ကျွန်မဒီမှာ ကြာကြာနေလို့ရမှာ မဟုတ်ဘူး။ ဆိုတော့ နောက်တစ်ခုက ကျွန်မတို့သွားမည့်ရက် ၃ ရက်ကြာယ် ၄ ရက်ကြာမယ်၊ ၅ ရက် ကြာမယ် မှန်းလို့မရဘူး။ ဆိုတော့ ခရီးစဉ်က ကျွန်မတို့က လမ်းတွေပျက်တဲ့နေရာတွေလည်း သွားရတာဖြစ်တယ်။ ဒေသက လိုအပ်ချက်ရှိတဲ့နေရာကို သွားတာဖြစ်တဲ့အတွက် ကျွန်မတို့ လမ်းမှာ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်လိုမှမပြောနိုင်ဘူး။ ပြောနိုင်တဲ့အခါမှာ ကျွန်မတို့ ကြာနိုင်တဲ့ ကာလကို ခန့်မှန်းပြီးတော့ ရှိသမျှအလုပ်တွေအကုန်လုံးကို စုပုံပြီးလုပ်ခဲ့ရတယ်။ သူတစ်ပါးအလုပ်ကို လည်း ကျွန်မက ကျုံးပြီးလုပ်ခဲ့ရတယ်။ အဲဒီတော့ ကျွန်မ ညမအိပ်တာတွေရှိမယ်။ အစားအသောက် ပျက်တာတွေရှိမယ်။ နှစ်ရက်သုံးရက်လောက် အလုပ်တွေပုံပြီးလုပ်လို့ ကျွန်မတို့ကို ကဲသွားတော့ဆိုပြီး တော့ စိတ်ထဲမှာ ကျွန်မတို့က ၁၀ မိနစ်၊ ၅ မိနစ်လောက်ခွာပြီးတော့ ကျွန်မတို့က အဝတ်အစားထည့် နေလို့ ရွေးနေလို့ ဘယ်ဟာကောင်းလဲ ကျွန်မနဲ့ ဘယ်ဟာပိုလိုက်မလဲ အဲဒါတွေအချိန်မရှိဘူး ကျွန်မကို အလုပ်ရှင်ခွင့်ပြုတဲ့အချိန် ကျွန်မကားဂိတ်ရောက်တဲ့အချိန်ဘဲဖြစ်ရမယ်။ ကျွန်မတို့က အမြဲတမ်း အထုပ် အသင့်ပြင်ထားတယ်။ ပရဟိတသမားတွေ အထုပ်ပစ္စည်းကို ပြင်ထားတယ်။ အလုပ်ရှင်က အေးသွားတော့လို့ ခွင့်ပြုလိုက်တာနဲ့ အလုပ်တွေအကုန်လုံးကို ပစ်ချ ဒါတွေဒါတွေ တာဝန်ယူထားပေး ပါ။ ငါပြန်လာခဲ့ပါမယ်ဆိုပြီးတော့ စနစ်တကျသွားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟို ပရဟိတ သမားတွေမှာလဲ အသက်မွေးဝမ်းကြောင်းအတွက် တစ်ဖက်မှာ ဖိစီးမှုတွေရှိတယ်။ အဲဒါကြောင့် ပရဟိတသမားတွေက မှားတတ်တယ်။

 

အဲဒီလိုမျိုး အလုပ်ကတစ်ဖက်ပေ့ါနော် ကိုယ်ရဲ့ကိုယ်ပိုင်ဘဝကလည်း ကိုယ့်လူမှုရေးက လည်း ရှိသေးတာကိုး၊ ပရဟိတလုပ်  ကူညီတဲ့အခါမှာ မခင်နှင်းကြည်သာအနေနဲ့ ဘဝမှာ အခက်အခဲတွေ တအားဖြစ်သွားပြီးတော့ မှတ်မှတ်ရရပေ့ါနော် စိတ်ဓာတ်ကျရတဲ့ အဖြစ်တွေကို ကော ကြုံခဲ့ဘူးပါသလား။

စိတ်ဓာတ်ကျရတဲ့အဖြစ်တွေ ကျွန်မကြုံဖူးတယ်။ ကျွန်မ သတင်းလောကထဲ စဝင်လာတဲ့အခါမှာ ကျွန်မအတွက် သိပ်ကောင်းတဲ့အယ်တီတာက အလုပ်ပြောင်းသွားတယ်။ ပြောင်းပြီးတော့ ကျွန်မကို ဆက်ပြီးသင်ပေးမယ့်လူမရှိဘူး။ အဲဒီအချိန်တုန်းကလည်း ကျွန်မတို့သတင်းလောကမှာ သင်တန်းတွေ ကလည်းမရှိဘူး။ ကျွန်မဟာကျွန်မ ဒီဂျာနယ်တွေကို ဖတ်ပြီးတော့ သတင်းစာပညာကို ကျွန်မသင်ရ တယ်။ သင်ရတဲ့အခါမှာ ဟို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ယှဉ်ပြီးတော့ ကျွန်မရှေ့မရောက်ဘူး။ တကယ် မပြေးနိုင်ခဲ့ဘူးပေ့ါနော်။ မပြေးနိုင်တဲ့အခါ အဲဒီအချိန်မှာဘဲ ကျွန်မက ပရဟိတလုပ်ငန်းက တစ်ဖက်ပေ့ါ နော်။ ဆိုတော့ အလုပ်တွေပျက်တာတွေ ခဏခဏခွင့်ယူတာတွေ၊ နောက်တစ်ခုက အလုပ်မှာ မကျွမ်းကျင်တဲ့ဟာတွေ ဖြစ်တဲ့အခါ ကျွန်မကို နှိမ်တယ်လို့ ကျွန်မစိတ်က ထင်လာတယ်။ ထင်လာတော့ ကျွန်မစိတ်ဓါတ်တွေကျတယ်။ ပရဟိတကြီး သီးသန့်လုပ်မလားဆိုတော့ ကျွန်မမှာ ဝင်ငွေမရှိဘူး။ နောက်တစ်ခုက ကျွန်မစုထားတဲ့ငွေကလည်း မရှိဘူး။ အဲဒီတော့ ကျွန်မမှာ စီးပွးရေးလုပ်ငန်းလည်း ဘာမှမရှိဘူး။ သူများရဲ့ဝန်ထမ်းလေးလုပ်လို့ လခလေးရမှ အဲဒီလခလေးနဲ့ ကျွန်မက သွားရတာကိုး။

ဒီအလုပ်မှာပဲ ကျွန်မ စိတ်ဓာတ်ကျကျနဲ့ ညညအိမ်ပြန်ရောက်ပြီဆို ရှိသမျှဂျာနယ်တွေဖတ်။ သူကတော့ ဘယ်လိုရေးတယ်။ ဘယ်လိုပုံစံရေးတယ်။ ကျွန်မအမလည်း သတင်းထောက်ဆိုတော့ သူ့ကိုလည်းမေး သူကလည်းအားချင်မှ အားတယ်ပေ့ါနော်။ ဆိုတော့ သူကိုမေး ကျွန်မရုံးမှာ ဘာလုပ်ပေးနိုင်မလဲ စာတွေဝင်စစ်ပေးရမလား၊ စာတွေဝင်ရိုက်ပေးရမလား အဲလိုမျိုးပေ့ါနော် အလုပ်တွေအားလုံးကို လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်ပြေအောင်နေတယ်။ အဲဒါ ကျွန်မအတွက် ၃၊ ၅ ၊ ၆ လလောက်ကြာတယ်။ စိတ်ဓာတ်တွေကလည်း တအားကျတယ်ပေ့ါနော်။ နောက်တစ်ခုက ကျွန်မပရဟိတ အသင်းကနေ ခဏနားထားတာဆိုတော့  တခြားအသင်းဝင်တွေနဲ့ သူတို့နဲ့က မတွေ့ဖြစ်တော့ဘူး။ ကျွန်မက နယ်ကနေ ရန်ကုန်လာတဲ့အခါ ကျတော့ ရန်ကုန်မှာလည်း အသိမိတ်ဆွေက မရှိဘူး။ ကျွန်မရန်ကုန်မှာ ကျောင်းတက်ခဲ့သည့်တိုင် အောင် ကျွန်မသူငယ်ချင်းတွေအားလုံးက နယ်ကသူငယ်ချင်းတွေချည်းပဲ ကျွန်မကပေါင်းတာ။ ရန်ကုန်မှာ ကျွန်မသူငယ်ချင်းမရှိဘူး။ တစ်ယောက်တည်းယောင်ပေပေဖြစ်၊ အလုပ်မှာကလည်း လုပ်ဖော်ကိုင်ဘက်တွေကလည်း ကျွန်မကို နှိမ်နှင်းနေတာလို့ပဲ ကျွန်မစိတ်ထဲက စွဲတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Professional မှာလည်း ကျွန်မက မကျွမ်းကျင် မကျွမ်းကျင်တဲ့အခါကျတော့ ရှေ့ဆက်ရတာ အရမ်းခက်တယ်ပေ့ါနော်။ ဆိုတော့ အဲဒီကာလတွေကို ကျွန်မ တကယ့်ကို ရွှေရောင်လွှမ်းတယ်လို့ပဲ ပြောရမှာပေ့ါ။ ဘယ်တော့ပြန်စဉ်းစားစဉ်းစား အရောင်တွေကို လက်နေတာပဲ။

 

ဒါအရမ်းကို ကြိုးစားခဲ့ရတဲ့အချိန်ပေ့ါနော်။ ဆိုတော့ မခင်နှင်းကြည်သာလိုမျိုးပဲ ကျွန်တော်တို့ အပြင်လောကမှာလည်း ရှိကောင်းရှိမှာပါ။ အလုပ်ထဲမှာ အဆင်မပြေဘဲနဲ့ အလုပ်သွားရမှာတောင်မှ မနက်ကျရင် စိတ်ဓာတ်ကျနေသူလည်း ရှိပါတယ်။ ဆိုတော့ အဲဒီလို လူမျိုးတွေအတွက်ကော မခင်နှင်းကြည်သာရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ သူတို့ကို ဘယ်လိုမျိုးအားပေးစကားပြောချင်လဲ ခင်ဗျာ။

ကျွန်မတို့မှာက နှစ်မျိုးရှိတယ်။ ရှေ့ကိုတိုးမလား၊ နောက်ကိုလှည့်မလား။ နှစ်မျိုးဘဲရှိတယ်။ လူဆိုတာက အခက်အခဲကြုံရစမြဲပဲ။ အခက်အခဲကြုံတိုင်းသာ ကျွန်မတို့ နောက်လှည့်မယ်ဆိုရင် အဲဒီလူကသေချာတယ်။ နောက်လှည့်ပြီးသာနေတော့။ ကျွန်မတို့လည်း နေ့တိုင်း အခက်အခဲကြုံတယ်။ အဲဒီတော့ ရှေ့တိုးဖို့ပဲ ကျွန်မတို့က ရှိတယ်။ ရှေ့တိုးတဲ့အခါမှာ ကျွန်မ အဖို့ ကိုယ့်ကိုကိုယ် အမြဲတမ်း ဆုံးမစကားရှိတယ်။ ဒါကအဆုံးသတ်မဟုတ်ဘူး ကျွန်မတို့ရဲ့ ဒီအခက်အခဲဆိုတာ ကျွန်မတို့အတွက် အဆုံးသတ်မဟုတ်ဘူး။ ဒီနေရာလေး ဒီအခက်အခဲလေး တစ်ခုနဲ့တင် ခင်နှင်းကြည်သာ လဲသေသွားမှာမဟုတ်ဘူး။ ဆိုတော့ လူတိုင်းလူတိုင်းလဲ အဲလိုပဲ ထားရမှာပဲ။ ဆိုတော့ ဒီထက်ကြီးတဲ့အခက်အခဲတွေ ကျွန်မတို့ကြုံဦးမှာ။ ဒီထက်ကြီးတဲ့ ဆုံးရှုံးမှုတွေ ဒီထက်ကြီးတဲ့ ပေးဆပ်မှုတွေ ကျွန်မတို့ကြုံရဦးမှာ အဲဒီ ပေးဆပ်မှုတွေ ဆုံးရှုံးမှုတွေ ဒုက္ခတွေ ဆင်းရဲတွေကျရင် ကျွန်မတု့ိ ဘယ်လိုခံနိုင်ရည်ရှိအောင် လုပ်ကြမလဲ။ သေးသေးလေးမှာတောင် ကျွန်မတို့ပြိုလဲနေမယ်ဆိုရင် ကြီးကြီးကြီးတွေ ကြုံလာတဲ့အခါကျရင် ကျွန်မတို့က နေစရာနေရာတောင် ရှိမှာမဟုတ်ဘူး။

အခက်အခဲတွေကြုံလာတိုင်း အဲဒီအခက်အခဲက ကိုယ့်ရဲ့အားနည်းချက် လား၊ ဒါမှမဟုတ်ရင် ကိုယ့်အပေါ်တစ်ယောက်ယောက်က ဟို ဒီဟာဖြစ်လိုစိတ်ကြောင့် လုပ်ထားတာ လား။ အဲဒါမျိုးကို ကျွန်မတို့ အကြောင်းအရင်းကို ရှာလိုက်တဲ့အခါကျတော့ ကိုယ့်အားနည်းချက်ဆိုရင် ကိုယ့်ဘာသာကိုယ်ပြင်၊ တစ်ယောက်ယောက်က အဲလိုဖြစ်စေချင်လို့ လုပ်ထားတာဆိုရင် ကျွန်မတို့က ဘယ်လိုကျော်လွှားမလဲ အဓိကက အခက်အခဲနဲ့ကြုံလာတဲ့အခါကျရင် ကျွန်မတို့က ကောင်းတဲ့စိတ်နဲ့ ယှဉ်ထားတာလေး။ ပြန်ဒုက္ခပေးမလား။ ဒါမှမဟုတ်ရင ်သူကဖြစ်စေချင်လို့ လုပ်တာဆိုပေမယ့် ကျွန်မတို့က အဲလိုဖြစ်အောင်မလုပ်ဘဲနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်ကြမလဲ။ ဆိုပြီးတော့ ကျွန်မတို့က အဲလိုမျိုး ဆုံးဖြတ်ရတယ်။ ကျွန်မအမြဲတမ်း ဒုက္ခတွေကြုံတိုင်း ဆင်းရဲတွေကြုံတိုင်း ကျွန်မဒါဟာ အဆုံးသတ်မဟုတ်ဘူး။ ဒီထက်ဆိုးတဲ့ အခက်အခဲတွေကျရင် ကျွန်မတို့ပိုပြီး ရင်ဆိုင်ဖို့ ဒီအခက်အခဲလေးထဲမှာ ကျွန်မအတွေ့အကြုံကို သင်ယူသွားဖြစ်တယ်။ ဆိုတဲ့ အဲဒီစိတ်နဲ့ ကျွန်မအမြဲတမ်းသွားတယ်။ အဲဒီတော့ အလုပ်မှာပဲဖြစ်ဖြစ် လူတွေထဲမှာပဲ ဖြစ်ဖြစ် အခက်အခဲကြုံလာတဲ့အခါကျရင် အဲဒီနေရာလေးမှာဘဲ အဆုံးသတ်ပြီး နောက်ပြန်မလှည့်နဲ့ အဲဒီနေရာလေးဆိုတာက ဘာဘဲဖြစ်ဖြစ်ကားတွေလိုပဲ  အရှိန်ထိန်းတုံးလေးတွေ မရှိဘူးလား၊ ဒါဟာ အရှိန်ထိန်းတာပဲ။ ဒီထက်ပိုပြီးတော့ ရှေ့မှာ အန္တရာယ် ကင်းကင်း  လုံလုံခြုံခြုံသွားနိုင်ဖို့အတွက် ကျွန်မတို့ရဲ့  အရှိန်လေးတွေထိန်းပြီးတော့ အဲဒီနေရာမှာပဲ ကျွန်မတို့ရဲ့အမှားလေးတွေပြင်လိုက်၊ ပြီးရင် အဲဒီခုံးလေးကို ကျော်သွားတာနဲ့ ကျွန်မတို့ အန္တရာယ် ကင်းကင်းလေးနဲ့ သွားလို့ရပြီ။ ဆိုတော့ အဲဒီခုံးလေးတွေကို မြင်တိုင်း ကျွန်မတို့က စိုးရိမ်ပြီး လှည့်မပြန်နဲ့။

 

အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ခေတ်လူငယ်တွေထဲမှာလဲပေ့ါနော်။ ဘဝကို အောင်မြင်ဖု့ိ မခင်နှင်းကြည်သာတို့လိုမျိုး ကြိုးစားနေကြတဲ့သူရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်း ကြိုးစား ရင်းနဲ့မှ ကျရှုံးပြီးတော့ စိတ်ဓာတ်ကျနေတဲ့လူတွေ တော်တော်လေး အများဆုံးတွေ့ဖူးမှာပါ။ ဆိုတော့ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ လူတွေအတွက်ကော မခင်နှင်းကြည်သာအနေနဲ့ ဘယ်လိုမျိုး အားပေးစကားပြောချင်လဲခင်ဗျ။

စိတ်ဓတ်ကျတယ်ဆိုတာကို ကျွန်မ မေးချင်တာကလေ၊ အဲလိုစိတ်ဓာတ်ကျလိုက်လို့ သူတို့က ဘယ်လောက်ကောင်းသွားသလဲ၊ လူဆိုတာက ကိုယ်ဖြစ်ချင်တာလေး မဖြစ်လိုက်ရလို့ ကိုယ်လိုချင်တာလေး မရလိုက်လို့ စိတ်ဓာတ်ကျတယ်ဆိုတာက တကယ်ကလေးဆန်လွန်းအားကြီး တယ်ပေ့ါနော်။ ကျွန်မတို့လိုချင်တာကို ရအောင်ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ပန်းတိုင်းတစ်ခုကို ရောက်ဖို့ဆိုတာ လမ်းတစ်ခုတည်းရှိတာ မဟုတ်ဘူး။ ကျွန်မတို့လမ်းလည်းရှိတယ်။ ကိုယ်တိုင်ထွင်ရမည့် လမ်းတွေရှိတယ်။ ရှေ့ကလူတွေ ထွင်သွားတဲ့ လမ်းတွေရှိတယ်။ အဲဒါတွေကို မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတယ်။ ဆိုတော့ စိတ်ဓာတ်ကျနေတာကို စီဓာတ်ကျလိုက် ဒါလူတိုင်းကလည်း စိတ်ဓါတ်ကျခဲ့တယ်။ ကျွန်မလည်း စိတ်ဓာတ်ကျခဲ့တာပဲ။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ နေရာမှာတင် မဆုံးလိုက်ချင်ဘူး။ စိတ်ဓာတ်ကျနေ ရင်းနဲ့ဘဲ ဒီစိတ်ဓာတ်ကျတာကို ကျွန်မတို့ ဘယ်လိုကျော်လွှားသွားနိုင်မလဲဆိုတဲ့ အဖြေကို အမြဲမပျက် လေ့လာတယ်။

ထားပါတော့ ရည်းစားနဲ့ကွဲခဲ့တဲ့လူတွေရှိတယ်။ ကျွန်မလည်း အဲလိုအချိန်တွေ ကြုံလာခဲ့တာပဲ။ ကျော်ဖြတ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ဒီလူက ဒီလိုအခြေအနေပါလို့ သတ်မှတ်ထားရင် အဲဒီသတ်မှတ်ချက်  ဘောင်ထဲမှာ ကျွန်မတို့နေရင် ကျွန်မတို့ ရှုံးတယ်။ သူက ဒီလူဟာ ဒီလောက်ထက်ပိုမတော်ပါဘူးလို့ သတ်မှတ်ခဲ့ရင် အဲဒီထက်ပိုတော်အောင်လုပ်ရမှာ ကျွန်မတို့ တာဝန် ဘာလို့မလုပ်နိုင်ရမှာလဲ။ ကျွန်မတို့က ခဲချွန်စက်လိုပဲ။ ကျွန်မတို့ ချွန်နိုင်လေလေ၊ ခံတံချွန်လေလေပဲ။ ကျွန်မတို့ မချွန်လိုက်သရွေ့ တုံးနေမှာပဲ။ ဆိုတော့ ကျွန်မတို့ ကိုယ့်ကိုယ်ကို ချွန်ဖို့ပဲလိုတယ်။ ကျွန်မတို့ ချွန်သွားတဲ့တစ်နေ့ ကြိုက်တဲ့စာကို ရေးလို့ရတယ်။ ကြိုက်တဲ့ ပုံကို ကျွန်မဆွဲလို့ရတယ်။ ပြီးတော့ ဘာကြောင့်ပဲ စိတ်ဓာတ်ကျကျ အဲဒီဘောင်ထဲမှာဘဲ မနေဘဲနဲ့ လူဆိုတာက ကိုယ်ကိုယ်ကိုတော်အောင် ကြိုးစား စိတ်ဓာတ်ကျနေရင်းနဲ့ပဲ ကျွန်မတို့က ကြိုးစား၊ ကိုယ်ဒီတုံးလေး တစ်ခါကျော်လို့ ပြန်ပြုတ်ကျရင်လဲပဲ ငါတစ်သက်လုံးကျော်လို့မရမှာဟုတ်ဘူးဆိုတဲ့ စိတ်ကြီးနဲ့ အမြဲတမ်း အိမ်ထဲမှာ ပုံးမနေနဲ့ အပြင်ကိုထွက် လောကကြီးထဲမှာ လုပ်နိုင်တာတွေအများြ့ကီး ရှိတယ်။ ကိုယ်လိုပ်နိုင်တာကို ရှာဖို့။ တစ်ခါတစ်လေကျရင် လူဆိုတာ ငါရတဲ့နေရာလေးက သေးသေးလေး ဟာ ငါတို့ သွားပါပြီ ဆိုတဲ့ စိတ်နဲ့ မဟုတ်ဘူး။ လောကမှာ သေးတာကြီးတာ ငယ်တာက အဓိကမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ကိုယ်ဘယ်လောက် အံဝင်ခွင်ကျအောင် နေနိုင်သလဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ဘယ်လောက်အသုံးချနိုင်သလဲဆိုတာပဲ မူတည်တယ်၊ သေးတာကြီးတာ အဓိကမဟုတ်ဘူး။

 

ဟုတ်ကဲ့ပါခင်ဗျာ၊ ဆိုတော့ လက်ရှိမှာကော မခင်နှင်းကြည်သာက မိမိဘဝကိုပေ့ါနော် ကြိုးစားနေ တယ် အောင်မြင်မှုအတိုင်းအတာကို ကိုယ့်ကိုယ်ကို ဘယ်လိုမျိုး ယူဆသလဲ။ ကိုယ့်ဟာကို ကျေနပ်သလား။ လက်ရှိရောက်နေတဲ့အပေါ်မှာ ပြီးတော့ ရှေ့ဆက်ပြီးတော့ ဘာတွေကြိုးစားသွားဖို့ အစီအစဉ်ရှိသလဲ ခင်ဗျာ။

ကျွန်မအောင်မြင်တယ်လို့တော့ ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူးပေါ့နော် မစဉ်းစားမိဘူးပေ့ါနော်။ ကျွန်မပရဟိတလုပ်တာက အောင်မြင်ဖို့လုပ်ခဲ့တာလဲ မဟုတ်ဘူး။ ကျွန်မဒီလိုအခြေအနေမျိုးလူတွေ ကျွန်မကို သိဖို့ ကျွန်မလုပ်ခဲ့တာလဲ မဟုတ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ်ကျွန်မသိတဲ့အသိလေးတွေ ကျွန်မရဲ့ အတွေ့အကြုံလေးတွေကို ကျန်တဲ့အဖွဲ့လေးတွေကို ကျွန်မပြန်မျှဝေလို့ရတယ်။ နောက်တစ်ခုက ကျွန်မကိုလူတွေသိတဲ့အခါ ကျွန်မကို အတုယူပြီးတော့ ငယ်ငယ်လေးထဲက ပရဟိတတွေ လုပ်ကြတယ်ပေ့ါနော် မိန်ကလေးတွေ တော်တော်များများလည်း ဘာပဲဖြစ်ဖြစ် ဒီပရဟိတ လုပ်ငန်းလေးကို စိတ်ဝင်စားပြီးတော့ အမျိုးသမီးလေးတွေလည်း ဦးဆောင်လို့ ရပါလားဆိုတဲ့ အသိကလေးတွေဝင်သွားတဲ့အခါမှာ ကျွန်မ ဒီလိုနေရာလေးကို နေခွင့်ရတာ ဒီလို လူတစ်ယောက်ဖြစ်ခွင့်ရတာကို ကျွန်ကကျေးဇူးတင်တယ။် ကျွန်မပေးချင်တာကို ကျွန်မပေးချင်တယ် ဆိုတော့ ဘာပဲဖြစ်ဖြစ်ကျွန်မကသွားမပေးသည့်တိုင်အောင် ကျွန်မကိုကြည့်ပြီးတော့ သူတို့ ရသွားတဲ့ အတွက် ကျွန်မကုသိုလ်ရတာလေးကို ကျွန်မမြင်တယ်။

ကျွန်မဒီထက်ပိုပြီး ဘာဆက်လုပ်မလဲဆိုတော့ အခုနကပြောတဲ့ အမျိုးသမီးအခွင့်အရေးကျွန်မစိတ်ဝင်စားတယ်။ ကလေးအခွင့်အရေးစိတ်ဝင်စား တယ်။ နောက်တစ်ခေါက်လည်း ကျွန်မ development ဘွဲ့နဲ့ပတ်သက်တဲ့ ဘွဲ့တစ်ခု development ဘွဲ့ တစ်ခု ကျွန်မယူဖို့ စဉ်းစားနေတယ်။ ယူလည်းယူမှာပါ။ ကျွန်မအခုလောလောဆယ် အင်္ဂလိပ်စာတွေ ပြန်လေ့လာနေတယ် ကျွန်မဘွဲ့တစ်ခုကိုယူမယ် ကျွန်မပိုလုပ်ချင်တယ်။ ပိုလုပ်ပေးချင်တယ်။ ကျွန်မဘယ်လောက်အထိ အသက်ရှင်မလဲဆိုတာ ကျွန်မမသိဘူး။ ကျွန်မအခုအသက် ၃၀ ပေ့ါနော်။ လူ့သက်တမ်းက အသက် ၆၀ ဆိုရင် ကျွန်မနေတာ ထက်ဝက်ကြိုးနေပြီ၊  ကျွန်မအချိန်ဟာ သိပ်မကျန်တော့ဘူ။ ဆိုတော့ မကျန်တော့တဲ့အချိန်မှာ ကျွန်မဦးနှောက်တွေလည်း ကောင်းနေတုန်း လုပ်နိုင်တဲ့အချိန်မှာ ကျွန်မသင်ယူချင်တယ်။ ပြီးရင် ကျွန်မလုပ်နိုင်တဲ့ အချိန်ကာလလေးမှာဘဲ ကျွန်မ ပြန်ပေးချင်တယ်။ ပေးခဲ့ချင်တယ်။ ကျွန်သေသွားရင်ပေးခဲ့လို့မရဘူး။ ကျွန်မအသက်ရှင်တုန်းပဲ ကျွန်မပေးခဲ့လို့ရတယ်။ ကျွန်မရအောင်ယူမယ်။ ယူပြီးရင် ကျွန်မအဲဒါတွေပေးခဲ့မယ်။ အခုက အိမ်ထဲမှာ နေတဲ့အမျိုးသမီးလေးတွေ အမျိုးသမီးဆိုတာက အိမ်ထဲမှာပဲနေမယ် တံမြက်စည်း လှည်းမယ်။ အဝတ်လျှော်မယ် ယောင်္ကျားကို ထမင်းဟင်းချက်ပြုတ်ပေးမယ်။

ယောက်ျားအထု အထောင်းမှန်သမျှ အကုန်သီးခံပြီးပေ့ါနော် ဆိုတာမျိုးမဟုတ်ဘဲနဲ့ အမျိုးသမီးဆိုတာလည်း လူတစ် ယောက်ပဲ သူ့မှာလည်း အစွမ်းအစတွေရှိတယ်။ အဲဒီအစွမ်းအစတွေကို ဆွဲထုတ်ဖို့ပဲ လိုတယ်။ ယောင်္ကျားလေးတွေဆိုလည်း အဲဒီလိုပဲ သူတို့ရဲ့ အစွမ်းအစတွေဟာ လက်ဘက်ရည်ဆိုင်မှာ အချိန်ကုန်ဖို့ ဂိန်းတွေမှာပဲ အချိန်ကုန်ဖို့မဟုတ်ဘူး။ ဆွဲထုတ်လု့ိရတာတွေ အများကြီးရှိတယ်။ အဲဒီအစွမ်းအစတွေ ကျွန်မဆွဲထုတ်ချင်တယ်။ အဲဒီလူတွေနဲ့ပေါင်းပြီးတော့ တကယ့် စီးပွားရေးလုပ်ငန်း တွေပဲဖြစ်ဖြစ်၊ ပရဟိတလုပ်ငန်းတွေပဲ ဖြစ်ဖြစ် အသုံးချစေချင်တယ်။ ခင်နှင်းကြည်သာက ဒီဘွဲ့ကို ယူတာ ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်ဖို့တော့မဟုတ်ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရဲ့ပတ်ဝန်းကျင် မှာ ဘယ်လိုနေရာမျိုးမှာမဆို ကိုယ်ရဲ့အစွမ်းအစတွေကို အသုံးချစေချင်တာ အဲဒါပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly