သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းမှ ဖြန့်ချိ ပေးမည့် အဆိုတော် ကျော်ဇင်မင်း

သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းမှ ဖြန့်ချိ ပေးမည့် အဆိုတော် ကျော်ဇင်မင်း

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။         ။ ၂၀၀၈ ခုနှစ် သံစဉ်များနဲ့ကမ္ဘာ Melody World ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိခဲ့သည့် အဆိုတော် ကျော်ဇင်မင်း သည် ၎င်း၏ ဆန္ဒ အမည်ရှိ Single Song တစ်ပုဒ်ထဲကို အောက်တိုဘာ ၂၆ရက်တွင် Myanmar Music Store အွန်လိုင်းမှ ရောင်းချသွားမည် ဖြစ်သည်။

အဆိုတော် ကျော်ဇင်မင်း၏ ဆန္ဒ တေးသီချင်းသည် အချစ်သီချင်း တစ်ပုဒ်ဖြစ်ပြီး ၎င်းကိုယ်တိုင် ရေးသား ထားခြင်း ဖြစ်ကာ သက်ဆိုင်သူ တစ်ယောက်ကို ဖော်ပြသည့် သဘောမျိုး ရေးသားထားခြင်း ဖြစ်ပြီး   မြူးဇစ်ပိုင်းကို ဥက္ကာဦးသာက ဖန်တီး ပေးထားသည်။

အဆိုတော် ကျော်ဇင်မင်းက "ကျွန်တော် သီချင်း မဆိုဖြစ်သွားတာ ၄နှစ်လောက် ရှိသွားပြီ။ ဒီတစ်ခေါက် ပြန်လုပ်တဲ့အခါမှာ အမှတ်တရလည်း ဖြစ်သွားအောင် Solo Album က ကြာနေမှာစိုးလို့ အရင်ဆုံး တစ်ပုဒ်ကို ပရိသတ်ကို ချပြလိုက်တဲ့ သဘောပါ" ဟု ပြောသည်။

ဆန္ဒ တေးသီချင်း တစ်ပုဒ်ကို အောက်တိုဘာ ၂၆ရက်တွင် Myanmar Music Store အွန်လိုင်း၌ ရောင်းချ ပြီးစီးသွားပါက နောက်ထပ် တေးသီချင်းသစ် တစ်ပုဒ်ကိုလည်း မတူညီသည့် မြူးဇစ် ပုံစံဖြင့် ထပ်မံ ရောင်းချသွားမည် ဖြစ်သည်။

၎င်း၏ တစ်ကိုယ်တော် Solo Album ကို ၂၀၁၆ ခုနှစ် မေလတွင် ထွက်ရှိရန် စီစဉ် ထားပြီးတေးသီချင်း ၁၂ပုဒ် ထည့်ရန် စီစဉ်ထားပြီး အချစ်သီချင်း၊ အလွမ်းသီချင်းများ ပါဝင်မည် ဖြစ်ပြီး တေးရေးဆရာ အများအပြားလည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် ကျော်ဇင်မင်းသည် ၂၀၀၈ ခုနှစ် သံစဉ်များနဲ့ကမ္ဘာ Melody World ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိခဲ့ပြီး Melody World မှ စီစဉ်သည့် အယ်ဘမ်တွင် အချစ်အတွက်လူမိုက် တေးသီချင်းဖြင့် ပါဝင် သီဆိုခဲ့သည်။ ၂၀၁၁ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနိုင်ငံများ အဆိုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး တတိယဆု ရရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင် တစ်ကိုယ်တော် အခွေထွက်ရှိရန် စီစဉ်ခဲ့သော်လည်း အကြောင်း မညီညွတ်မှုကြောင့် မထွက်ရှိဖြစ်ခဲ့ပေ။ ၂၀၁၂ ခုနှစ်တွင် အကိုဖြစ်သူ ရုတ်တရက် ဆုံးပါးသွားသည့်အတွက် မိဘများကို အကိုဖြစ်သူကိုယ်စား လုပ်ကျွေး ပြုစုရန် ပြည်ပသို့ ထွက်ခွာသွားသည့် အတွက် ဂီတလောက နှင့် ကင်းကွာ သွားခဲ့သည်။

ဂီတ လောကနှင့် ၄နှစ်နီးပါး ဝေးကွာခဲ့သည့် အဆိုတော် ကျော်ဇင်မင်းသည် ယခု Single Song တစ်ပုဒ် ဖြင့် ပရိသတ်ဆီ ပြန်လည် ရောက်ရှိ လာသလို ၎င်း၏ တစ်ကိုယ်တော် Solo Album အပြင် အနုပညာ အလုပ်များကို ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required