ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်က မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ဖြစ်စေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ လူကာကူ

ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်က မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ဖြစ်စေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ လူကာကူ

ရိုမီလူ လူကာကူက သူ့ကို တောင်ပံကို ထွက်ကစားဖို့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာတဲ့အကြောင်းတရားဖြစ်လာစေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယံအသင်း တိုက်စစ်မှူးဟာ သြဂုတ်လ ၈ ရက်က ပေါင် (၇၄)သန်းနဲ့ အင်တာမီလန်အသင်းဆီ ရောင်းချခံခဲ့ရပြီး ဆိုးလ်ရှားက တိုက်စစ်မှူးကို ရောင်းချဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် သူ့နေရာကိုတော့ အစားထိုးပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

လူကာကူဟာ ဧပြီလနှေင်းပိုင်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုတယ်လို့ ဆိုးလ်ရှားကို ပြောဆိုခဲ့ပြီး အဲဒီလအစောပိုင်းက ဝက်စ်ဟမ်းကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်ရဲ့ တိုက်စစ် ညာအခြမ်းမှာ ကစားခဲ့ရလို့ ဒါဟာ စိတ်ဓာတ်ကျစရာအချက်ဖြစ်ခဲ့တယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

ဆိုးလ်ရှားကလည်း သူ့ရဲ့ ဦးစားပေးတိုက်စစ်အတွဲအဖြစ် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို သတ်မှတ်လိုက်ပြီးနောက် လူကာကူလည်း စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ စီးရီးအေကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

"ကျနော့်ကို ဆိုးလ်ရှားက တောင်ပံထွက်ကစားစေဖို့ စီစဉ်ထားတာကို ကျနော် သိသွားတဲ့အခါမှာတော့ မန်ချက်စတာယူနိုက်တက်မှာ ကျနော့်ကစားသမားဘဝက အဆုံးသတ်သွားပြီလို့ သိခဲ့ရပါတယ်။"လို့ လူကာကူက Corriere dello Sport ကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ နွေရာသီက အဲဗာတန်ကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာတဲ့ အသက် (၂၆)နှစ်ရှိ လူကာကူဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၉၆)ပွဲမှာ (၄၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူဟာ အီတလီမြေမှာ အခြေကျနေပြီး စီးရီးအေ (၁၂)ပွဲမှာ (၉)ဂိုးအထိ သွင်းယူထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required