ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ မလိုအပ်ဘူးလို့ ပြောဆိုပြီး ငွေကြေးအသုံးကြမ်းတဲ့ နည်းပြမဟုတ်ဘူးလို့လည်း တုန့်ပြန်လိုက်တဲ့ မော်ရင်ဟို

ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ မလိုအပ်ဘူးလို့ ပြောဆိုပြီး ငွေကြေးအသုံးကြမ်းတဲ့ နည်းပြမဟုတ်ဘူးလို့လည်း တုန့်ပြန်လိုက်တဲ့ မော်ရင်ဟို
Photo: Spur

ဘောလုံးသမိုင်းတစ်လျှောက် ငွေကြေးအသုံးအများဆုံး နည်းပြတစ်ဦးဖြစ်တဲ့ စပါးနည်းပြသစ် မော်ရင်ဟိုက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့ မလိုအပ်ဘူးလို့ ပြောဆိုသွားပြီး သူဟာ ငွေသုံးကြမ်းတဲ့နည်းပြ မဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ဒါပေမယ့် Transfermarket ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ နည်းပြဘဝမှာ ကစားသမားခေါ်ယူမှု စုစုပေါင်း (၉၇)ကြိမ်ပြုလုပ်ခဲ့ပြီး ယူရို (၁.၆)ဘီလီယံအထိ သုံးစွဲခဲ့တယ်လို့ ဆိုထားပါတယ်။

ဇန်နဝါရီစျေးကွက်ဖွင့်လှစ်ဖို့က (၆)ပတ်လောက်သာ ကျန်ရှိနေတဲ့အချိန်မှာတော့ မော်ရင်ဟိုက အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး "ကျနော် ငွေကြေးအမြောက်အများ သုံးစရာမလိုပါဘူး။ ကျနော် ကစားသမားတွေ ခေါ်ယူဖို့ မလိုအပ်ပါဘူး။"လို့ ပြောပါတယ်။

မော်ရင်ဟိုအနေနဲ့ မြောက်လန်ဒန်မြေမှာ ကစားသမားခေါ်ယူဖို့ ငွေအင်အား အလုံးအရင်း အသုံးမပြုရင် ကျရှုံးရလိမ့်မယ်လို့ မှတ်ချက်ပေးမှုများစွာလည်း ရှိနေပါတယ်။

ဒါဟာ မော်ရင်ဟိုအနေနဲ့ အပြောင်းအရွှေ့စျေးကွက် ရောက်တိုင်း သွေးအေးတတ်တဲ့ ဥက္ကဋ္ဌ လီဗိုင်းရဲ့ စပါးအသင်းကို ပြောင်းရွှေ့သွားခဲ့လို့ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ သူက "ဒါဟာ ကျနော့်ရဲ့ အမှားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျနော် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေရဲ့ အဆင့်အတန်းမြင့်မားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတွေ ပြောတာတော့ ကစားသမားတွေ ခေါ်ယူဖို့ ကျနော်ဟာ ငွေတွေ အများကြီးသုံးဖို့ အမြဲလိုအပ်ခဲ့တယ်တဲ့။ ဒါဟာ ကျနော်မဟုတ်ဘဲ ကျနော့်ရဲ့ ကလပ်အသင်းတွေပါ။"

"ဒါဟာ ကလပ်အသင်းရဲ့ ပုံရိပ်၊ အသင်းပိုင်ရှင်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။။ ပြောရမယ်ဆိုရင်တော့ ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးရဲ့ အဆင့်အတန်းပေါ့။"လို့ တုန့်ပြန်သွားခဲ့ပါတယ်။

စပါးအသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၁၄)နေရာအထိ ရောက်ရှိနေပြီး (၁၂)ပွဲ ကစားရာမှာ (၃)ပွဲပဲ အနိုင်ရရှိထားခဲ့ပါတယ်။

မော်ရင်ဟိုကတော့ သူ့ရဲ့ စပါးနည်းပြဘဝ အဖွင့်ပွဲစဉ်အဖြစ် ဒီကနေ့ စနေနေ့ည (၇)နာရီမှာ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly