တက္ကသိုလ် ကျောင်းသားတစ်ဦး လူကုန်ကူးခံရမှု တိုင်းအစိုးနှင့်အတူ ဖြေရှင်းမည်ဟု NLD တာဝန်ရှိသူဆို

တက္ကသိုလ် ကျောင်းသားတစ်ဦး လူကုန်ကူးခံရမှု တိုင်းအစိုးနှင့်အတူ ဖြေရှင်းမည်ဟု NLD တာဝန်ရှိသူဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ။          ။ ဧရာဝတီတိုင်းအတွင်းရှိ ငါးဖမ်းကျားဖောင်တွင် လူငယ်တစ်ဦးရောင်းစားနှိပ်စက်ခံရမှုအတွက် တိုင်းအစိုးနှင့်အတူ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က မဇ္စျိမကို ပြောသည်။

“လူသားကို ကုန်ပစ္စည်းသဖွယ်ရောင်းကြတယ်။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ရှေ့ပိုင်းက လူကုန်ကူးမှုမှာ အထောက်အထားမပြနိုင်တာတွေ ရှိပါတယ်။ အခုဟာကတော့ အထောက်အထားနဲ့ ပြနိုင်ပါတယ်။ အဲ့တော့ ဖြစ်လာပြီဆိုတော့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် ဒါကို ပပျောက်အောင် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ဒါအဓိကတာဝန်ရှိတာကတော့ တိုင်းအစိုးရမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်လိုနည်းနဲ့ တိုင်းအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ကူညီနိုင်မလဲဆိုတာက ကျွန်တော်တို့ နည်းလမ်းရှာဖွေရမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ လူကုန်ကူးခံရမှုအတွက် ကာယကံရှင်ကို မေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီအစည်းအဝေးတွင်လည်း လူကုန်ကူးမှုပပျောက်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ဒီသတင်းက ဒီရက်ပိုင်းမှပဲ ပေါ်လာတာဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့အစည်းအဝေးကတော့ ဒါကိုတင်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့်အစည်းအဝေးတွေမှာ ကျွန်တော်တို့ မဖြစ်မနေ တင်ပြမှာပါ။ ဒီအတွင်းမှာလည်း ကျွန်တော်တို့ အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မေးမြန်းမှာပါ။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီဟာမျိုးဆက်မဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဒဂုံတက္ကသိုလ်မှ သမိုင်းဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ ငါးဖမ်းကျားဖောင်တစ်ခုတွင်ရောင်းစားခံခဲ့ရပြီး နှစ်လနီးပါးကြာ အလုပ်လုပ်ကိုင်ခဲ့ရသည်။ လက်ရှိအချိန်တွင် ၎င်း၏ မိသားစုဝင်များက စုံစမ်းသိရှိပြီး ငွေရှစ်သိန်းနှင့် ပြန်ရွေးယူနိုင်ခဲ့သော်လည်း ကိုမြတ်သူရထွန်းသည် နားရွက်တစ်ဖက်အပေါ်ပိုင်းပြတ်ဒဏ်ရာ၊ နှိပ်စက်ခံထားရသောဒဏ်ရာများနှင့်စိတ်ဒဏ်ရာများရနေကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ ၎င်းနှင့်အတူ လူကုန်ကူးခံထားရသူ နှစ်ဦးမှာလည်း ကျားဖောင်တွင် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly