စပါးအသင်းမှာ အတိတ်က အမှားမျိုးကို ထပ်မံကျူးလွန်တော့မှာ မဟုတ်ဘူး - ဟိုဆေး မော်ရင်ဟို

စပါးအသင်းမှာ အတိတ်က အမှားမျိုးကို ထပ်မံကျူးလွန်တော့မှာ မဟုတ်ဘူး - ဟိုဆေး မော်ရင်ဟို

တော့တင်ဟမ်နည်းပြသစ် ဟိုဆေး မော်ရင်ဟိုက သူဟာ အရင်အသင်းတွေမှာ ကြုံခဲ့ရတဲ့ တူညီတဲ့ အမှားမျိုး စပါးအသင်းမှာ ထပ်မံကျူးလွန်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပိုချက်တီနိုရဲ့ နည်းပြရာထူးနေရာကို ရယူခဲ့ပြီး မန်ယူအသင်းကနေ ထုတ်ပယ်ခံရပြီး (၁၁)လကြာ အသင်းလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စပါးနည်းပြအဖြစ် သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချသူဖြစ်တယ်လို့ ထုတ်ဖော်ပြခဲ့ပြီး သူဟာ ဘောလုံးလောကကနေ ကင်းကွာနေချိန်အတွင်း သူ့ရဲ့နည်းပြဘဝကို လေ့လာဆန်းစစ်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ ပြောပါတယ်။

"ကျနော် အမှားတွေ လုပ်ခဲ့မိတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။"လို့ သူက ပြောပါတယ်။

"ကျနော်ဟာ တူညီတဲ့အမှားမျိုး ကျူးလွန်မှာ မဟုတ်တော့ပါဘူး။ ကျနော် အမှားအယွင်းအသစ်တွေကိုသာ ပြုလုပ်သွားမှာဖြစ်တယ် … ဒါပေမယ့် အရင်က အမှားတွေနဲ့တော့ တူညီမှာတော့ မဟုတ်ပါဘူး။"

"ကျနော်က ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူ တစ်ဦးပါ။ ကျနော့်ဖြတ်သန်းခဲ့တဲ့ နည်းပြဘဝကို ပြန်ပြီး လေ့လာဆန်းစစ်ပြီးပါပြီ။ အဲဒီအတွက် လိုအပ်မယ်ထင်တဲ့ နှိမ့်ချမှုကို ကြိုးစားပြုလုပ်သွားမှာပါ။ ပြီးခဲ့တဲ့နှစ်က ကျနော် မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း အရာဝတ္ထုတစ်ခုလုံးဟာ ဆင့်ကဲဖြစ်စဉ်တွေ၊ ပြဿနာတွေနဲ့ အဖြေရှာခြင်းတွေပါ။ နောက်ထပ် ဘယ်သူ့ကိုမှ အပြစ်တင်နေဖို့တော့ မဟုတ်ပါဘူး။"

"ကျနော်နည်းလမ်းက အမြဲတမ်းနှိမ့်ချနေဖို့ပဲဖြစ်ခဲ့တယ်။ ပြဿနာက အဲဒါကို ခင်ဗျာ နည်းမလည်နိုင်ခဲ့ဘူး။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရာသီ ဒီဇင်ဘာလက ယူနိုက်တက်မှာ မော်ရင်ဟိုရှိချိန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနောက် ရမှတ် (၁၉)မှတ်အကွာနဲ့ ရပ်တည်ခဲ့ပါတယ်။ ယခုနှစ် တော့တင်ဟမ်ကို ရောက်ရှိလာချိန်မှာတော့ စပါးအသင်းက အမှတ်ပေးဇယားရဲ့ အဆင့် (၁၄)နေရာမှာ ရှိနေပြီး လီဗာပူးလ်အသင်းနောက် ရမှတ် (၂၀)အထိ ကွာဟနေပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly