ICJ သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်ဖြေရှင်းမည့်ကိစ္စ စစ်တပ်နှင့် အစိုးရ ပူးပေါင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်

ICJ သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်ဖြေရှင်းမည့်ကိစ္စ စစ်တပ်နှင့် အစိုးရ ပူးပေါင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်
Photo: AFP

နိုဝင်ဘာ ၂၂ ။     ။ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမည့် ဆုံးဖြတ်ချက်ကို အစိုးရနှင့် စစ်တပ်တို့ အတူ ပူးပေါင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

ICJ တရားစွဲဆိုမှုတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ရင်ဆိုင်မည်ဆိုပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံရှိ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တွင် မြန်မာအပေါ် တရားစွဲဆိုထားမှုကို ဒီဇင်ဘာထဲ စတင် ကြားနာသွားရန် ရှိနေသည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဂျီနိုဆိုက် သဘောတူစာချုပ် ချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်၊  နောက်ပြီး ဥပဒေ ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း အတူလက်တွဲလုပ်ဆောင်နေပါတယ်”ဆိုပြီး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စစ်တပ်နှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ရည်ညွန်းကာ အေအက်ဖ်ပီသို့ ပြောဆိုသွားသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံသွားရန် ရှိနေကြောင်းလည်း ၎င်းက အတည်ပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required