ဗစ်တိုးရီးယားအမှုအတွက် သုတ်ပိုးစစ်ဆေးသော အောက်ခံမှန်ပြားကို CID က ပထမဆုံးအကြိမ်တောင်းယူ

ဗစ်တိုးရီးယားအမှုအတွက် သုတ်ပိုးစစ်ဆေးသော အောက်ခံမှန်ပြားကို CID က ပထမဆုံးအကြိမ်တောင်းယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၁။    ။ ဗစ်တိုးရီးယားလို့ မည်ပေးထားတဲ့ ၃နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရတဲ့အမှုမှာ သုတ်ပိုးစစ်ဆေးရာတွင်အောက်ခံအြဖစ်အသုံးပြုသော ပလိတ်ပြားကို CID က တောင်းယူသွားခဲ့ပါတယ်။ ဒီလို တောင်းယူတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ရက်နေ့ကပြုလုပ်သော ၁၁ကြိမ်မြောက်ရုံးချိန်းအတွင်းမှာ မှုခင်းဆရာဝန်ကို စွပ်စွဲတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေက မေးမြန်းရာမှာ အခြားသောလိင်အကြမ်းဖက်မှုတွေမှာ ဒီလိုအောက်ခံမှန်ပြားကို CID သို့ အခြားသောဌာနကို လွှဲပြောင်းပေးခြင်းမျိုးမရှိပဲ ဒီတစ်ကြိမ်မှသာ CIDကိုထူးထူးခြားခြား လွှဲပေးခဲ့ရတယ်လို့ ကုတင်တစ်ထောင်ဆေးရုံက မှုခင်းဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင်က ထွက်ဆိုခဲ့ပါတယ်။

ဒီလိုလွှဲပြောင်းပေးရာမှာ ဆေးရုံမှ ဆရာဝန်ကြီးများနဲ့ တရားဝင်အစည်းအဝေးပြုလုပ်ပြီး စာအိတ်နဲ့ ချိတ်ပိတ် ထားတဲ့မှန်ပြားချပ်ကို CIDမှ ဒုရဲမှူးကြီးလှဟန်နဲ့ အဖွဲ့ကို စနစ်တကျ လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။

 “မှုခင်းဆရာဝန်ကတော့ ပြောမယ်ဆိုရင် ဒါ Rape case တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမျိုးတွေ ဆေးစာမှာပေါ်နေတာပေါ့။ ပေါ်နေတာတွေရှိတယ်လေ။သုတ်ပိုးတွေ့တာတော့ ဒါမျိုးတွေအဲ့ဒါတွေကတော့ ဆရာဝန်တွေက ဆေးစာမှာပါတဲ့ အတိုင်း ထွက်ဆိုပေးသွားတာပေါ့။ ဒါပေမယ့် ဒေါ်စုဒါလီအောင်တို့ ဘက်က အပြန်အလှန်စစ်မေးတဲ့အခါမှာ ဆေးစာပျောက်သွားတဲ့အတွက် မိတ္တူစာလျှောက်ခဲ့တယ်ဆိုတဲ့ အခြေအနေ တစ်ခုကို ဆရာဝန်မကြီး ထွက်ဆိုသွားတာ တစ်ခုရှိတယ်။ နောက်တစ်ခုကတော့ ပလိပ်ပြားပေါ့။ အဲ့ဒါကို CID ကနေ အခြား Rape case တွေမှာ သိမ်းခဲ့တာမရှိဘူး။ ဒါပေမယ့် ဒီအမှုမှာတော့ သိမ်းသွားတာမျိုးရှိတယ်ပေါ့။ အဲ့ဒါ ထွက်သွားတာပေါ့။ ထူးခြားတဲ့ဟာ ဆရာဝန်ကိုစစ်သွားတဲ့အခါမှာ ဒေါ်စုဒါလီအောင်တို့ဘက်က အပြန် အလှန်စစ်မေးတဲ့ အခါမှာ ထွက်သွားတာရှိတယ်” ဟု တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

တရားခွင်စစ်ဆေးမှုမှာ ကလေးငယ်ကို ကြမ်းတမ်းစွာလိင်အကြမ်းဖက်မယ်ဆိုရင် ကလေးက ငိုခြင်း၊ အော်ခြင်း တွေပြုလုပ်နိုင်ပြီး ကလေးနဲ့ ခင်မင်ရင်းနှီးသူက ချော့မြူခြင်း၊ မုန့်ကျွေးခြင်းတွေပြုလုပ်ပြီး ကလေးသည် ငယ်ရွယ်လွန်းတဲ့အတွက် အကြမ်းဖက်မှုဖြစ်နိုင်လားဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကလေးငယ်ရဲ့ မိန်းမကိုယ်ထဲက အရည်ကိုစစ်ဆေးရာမှာ သုတ်ပိုးတွေ့ရှိခဲ့ပြီး လိင်အကြမ်းဖက်ခံရတဲ့ အနေအထားရှိကြောင်း ကလေးငယ်ရဲ့ မိသားစုဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

 “မှုခင်းဆေးပညာရဲ့ သဘောမှာဘယ်လိုရှိနိုင်လဲဆိုတော့တချို့ကကျတော့ ဒါသည်ချော်လဲလို့ဖြစ်တာ မျိုးဆင်ခြေပေးချင်ကြတယ်ပေါ့နော်။ချော်လဲလို့ဖြစ်တာဆိုရင် ခုနကမိန်းမကိုယ်ရဲ့အပြင်ဘက်မှာလည်းဒဏ်ရာ ရှိနိုင်တယ်ပေါ့။ အခုဟာက မိန်းမကိုယ်ရဲ့ မွေးလမ်းကြောင်းတလျှောက်မှာဒဏ်ရာ ရှိတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ အပျိုးမှေးရဲ့အခြေမှာပွန်းပဲ့ဒဏ်ရာရှိတယ်။အင်အားတစ်ရပ်ရပ်နဲ့ပစ္စည်းတစ်ခုခုနဲ့ ထိုးထည့် လိုက်တာမျိုးကြောင့် အပျိုမှေးရဲ့အခြေမှာလည်း ပွန်းပဲ့ဒဏ်ရာရှိတယ်။ ဒါ့ကြောင့် သူသည်နောက်တစ်ခုက ခုနကပြောတဲ့ ဓာတ်ခွဲခန်းမှန်ပြား မှာစစ်ဆေးချက်အရ ယောကျာ်းလေးသုတ်ပိုးတွေ့ရှိတယ်ေပါ့။ အဲ့အတွက် ကြောင့် လတ်တလော ကာမစပ်ယှက်ခြင်းခံထားရတယ်ဆိုတဲ့ မှတ်ချက်ပေးနိုင်ပါတယ်”ဟု ကလေးငယ်၏ မိသားစုဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသော ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။

ငါးနာရီနီးပါး ကြာမြင့်ခဲ့တဲ့ ဒီရုံးချိန်းအတွင်းမှာ မှုခင်းဆရာဝန်နဲ့ Wisdom Hill မူကြိုကျောင်း ကျောင်းကြီးကြပ် ရေးမှူး ဒေါ်ဥမ္မာလှိုင်တို့ သက်သေနှစ်ဦးကို နှစ်ဘက်ဖက်ရှေ့နေ့များက အပြန်အလှန်မေးခွန်းများမေးခဲ့ပြီး ဒေါ်ဥမ္မာလှိုင်ကို စစ်ဆေးရန်မပြီးပြတ်သေးတဲ့အတွက် ဒီဇင်ဘာ ၄ရက်နေ့မှာ အဆိုပါ မူကြိုကျောင်းမှ ဆရာမ နှစ်ဦးနဲ့ အတူ ဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly