ရခိုင်ပြည်မြောက်ပိုင်းအရေး အတိုင်ပင်ခံဖြေရှင်းခြင်းက အထိရောက်ဆုံးနည်းလမ်းဟု NLD ပြော

ရခိုင်ပြည်မြောက်ပိုင်းအရေး အတိုင်ပင်ခံဖြေရှင်းခြင်းက အထိရောက်ဆုံးနည်းလမ်းဟု NLD ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၁။    ။ ရခိုင်ပြည်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဖြေရှင်းခြင်းက အထိအရောက်ဆုံးနည်းလမ်းဖြစ်သည်ဟု NLD ပါတီဘက်မှ ပြောဆိုလိုက်သည်။

“ ဥပဒေအတိုင်းဆိုရင် ကျွန်တော်တို့ စိုးရိမ်စိတ် စိုးစဉ်းမျှမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်မြောင်ပိုင်းအရေး အခင်းနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ ဟန့်တားမှုပြောဆိုမှုမရှိခဲ့ဘူးဆိုတဲ့ မမှန်ကန်တဲ့စွပ်စွဲချက်ကို ကိုယ်တိုင်ဖြေရှင်းတာက အထိရောက်ဆုံးဆောင်ရွက်မှုဖြစ်လိမ့်မယ်လို့မြင်ပါတယ်”ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ထို့အပြင်နိုင်ငံ၏ အကြီးဆုံးတာဝန်ယူထားသည့်သူသာလျင် နိုင်ငံ၏အကြီးဆုံးတာဝန်ကို ယူခြင်းသည် အကောင်းဆုံးဟုလည်း ၎င်းက ဆိုသည်။

ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင်တရားစွဲဆိုရန်မှာ ကြိုတင်အစီအစဉ်ဆွဲထားခြင်းဖြစ်ေကြာင်းလည်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။

“ သူတို့စွပ်စွဲမှုအရ လူမျိုးတုန်းသတ်ဖြတ်မှုတွေဆက်လက်ဖြစ်နေပါတယ်။ အဲ့တာကို တားဆီးအမိန့်ထုတ်ဖို့အတွက် လတ်တလောခေါ်ယူစစ်ဆေးတာပဲဖြစ်ပါတယ်။ အဲ့တော့ အခုတကယ် လတ်တလောဖြစ်နေသလားဆိုတာကို သူတို့ သက်သေပြဖို့ လိုပါတယ်။ လတ်တလောဖြစ်နေပါတယ်လို့ စွပ်စွဲတာကိုက မှန်ကန်ခြင်း မရှိပါ ဘူး။ အဲ့တော့ ကျွန်တော်တို့ဒါကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

ဂမ်ဘီယာနိုင်ငံ၏ အမှုဖွင့်စွပ်စွဲချက်ကို နယ်သာလန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ပထမဦးဆုံး ကြားနာရမည်ဖြစ်ကာ ဒီဇင်ဘာလ ၁၁ ရက်တွင် တရားစွဲခံရသည့် မြန်မာနိုင်ငံဘက်မှ လျှောက်လဲချက်ကို ကြားနာရမည်ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို ရင်ဆိုင်ရန်အတွက် နိုင်ငံတကာက ကျွမ်းကျင်သည့် ဥပဒေပညာရှင်များကို ငှားရမ်းထားပြီးပြီဟု သမ္မတရုံးမှ ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏အဖွဲ့ဝင်လည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required