တီဟီရန်၊ နိုဝင်ဘာ ၂၀။ ။ အီရန်နိုင်ငံ၏ မြို့တော်တော်များများတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားပြီး ကားတာယာများ မီရှို့လောင်ကျွမ်းနေသည့် ပုံများကို အီရန်နိုင်ငံပိုင် IRIB ရုပ်သံက ထုတ်လွှင့်ပြသသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က လောင်စာဆီဈေး တိုးမြှင့်ကြောင်း အံ့ဩစဖွယ် ဆုံးဖြတ်ကြေညာချက်ကြောင့် ဆန္ဒပြမှုများ စတင်ဖြစ်ပွားပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ဆန္ဒပြမှုများအတွင်း သေဆုံးသူ ငါးဦးရှိပြီဟု အာဏာပိုင်များက အတည်ပြုပြီး သေဆုံးသူ သုံးဦးမှာ လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်ပြီး အဓိကရုဏ်းဖန်တီးကြသူများ၏ ဓားထိုးခံရခြင်း သေဆုံးခြင်းဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။
အီရန်တွင် ဖြစ်ပွားပေါ်ပေါက်နေသော ယခု ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး လူပေါင်း ဒါဇင်များစွာ သေဆုံးရလိမ့်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၉ ရက်၌ သတိပေးချက် ထုတ်ပြန်သည်။
နိုင်ငံအတွင်း အင်တာနက်လိုင်းများကိုလည်း ပိတ်ထားရာ အခြေအနေများ ပြန်တည်ငြိမ်သည့်အခါမှ ပြန်လည်ဖွင့်ပေးမည်ဖြစ်သည်ဟု ပြောထားသည်။
လောင်စာဆီဈေး တိုးမြှင့်ရာမှ ဖြစ်ပွားလာခဲ့သည့် ဆန္ဒပြမှုများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားချက် ထုတ်ပြန်လိုက်ချိန်မှစ၍ နိုင်ငံအနှံ့ ငါးရက်တာ ဆန္ဒပြကာလအတွင်း သေဆုံးသူပေါင်းက ၁၀၀ ကျော်ထက်မနည်း ရှိနိုင်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလက အမေရိကန်သည် အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံကြား ချုပ်ဆိုထားသည့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ကျင့်သုံးလာချိန်မှစပြီး အီရန်နိုင်ငံ၏ စီးပွားရေးက နလန်မထူနိုင်အောင် ဖြစ်လာခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/