မိန်းကလေးများ တစ်ရက်တာ ဦးစီးခေါင်းဆောင်မှု လွဲပြောင်းသည့် အစီအစဉ်ကို နှစ်စဉ်ပြုလုပ်မည်

19 November 2019
မိန်းကလေးများ တစ်ရက်တာ ဦးစီးခေါင်းဆောင်မှု လွဲပြောင်းသည့် အစီအစဉ်ကို နှစ်စဉ်ပြုလုပ်မည်
 
မိန်းကလေးများ တစ်ရက်တာ ဦးစီးခေါင်းဆောင်မှု လွဲပြောင်းတဲ့ အစီအစဉ်ကို နှစ်စဉ်ပြုလုပ်သွားဖို့ ရှိတယ်လို့ နိုဝင်ဘာလ(၁၉)ရက်နေ့က ပြုလုပ်တဲ့ (၉၉)ရက်တာ Girls get equal လှုပ်ရှားမှုပြီးမြောက်ခြင်း အခမ်းအနားမှာ ပလန်အင်တာနေရှင်နယ်မြန်မာရဲ့ စီမံကိန်းဒါရိုက်တာ မလင်းလင်းအောင်က ဆိုပါတယ်။
(၂၀၁၉)ခုနှစ်အတွက် မိန်းကလေးများ တစ်ရက်တာ ဦးစီးခေါင်းဆောင်မှု လွဲပြောင်းတဲ့ အစီအစဉ်ကို သြဂုတ်လ (၁၂)ရက်နေ့မှာ စတင်လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလ (၂၀)ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
အဆိုပါ (၉၉)ရက်တာ လှုပ်ရှားမှုမှာ အစီအစဉ်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အရွေးချယ် ခံခဲ့ရတဲ့ အမျိုးသမီးငယ် (၂၄)ဦးဟာ လွှတ်တော်ကိုယ်စားလှယ်၊ သံတမန်၊ စီးပွားရေးခေါင်းဆောင်၊ ပရဟိတ ခေါင်းဆောင် အစရှိတဲ့ ခေါင်းဆောင်နေရာ(၂၄)ခုတွင် တစ်ရက်တာ တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။
အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီရဲ့ ခေါင်းဆောင်မှုနေရာကို တစ်ရက်တာ တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊ ဂုဏ်ထူးတန်း(တတိယနှစ်) ကျောင်းသူ မဖြိုးသီရိလွင်ကတော့ သူမရဲ့ အိပ်မက်တွေက ပိုမိုခိုင်မာလာတယ်လို့ဆိုပါတယ်။
မိန်းကလေးတွေရဲ့ ဦးဆောင်မှုကို ယောကျာ်းလေးခေါင်းဆောင်တွေက လက်ခံပါ့မလားလို့ စိုးရိမ်ပေမယ့် ဒီလိုတစ်ရက်တာ ဦးဆောင်ခြင်းကနေ မိန်းကလေးတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို လူထုအသိုင်းအဝိုင်းက အသိအမှတ်ပြုလာကြတယ်လို့ ပလန်အင်တာနေရှင်နယ်မြန်မာရဲ့ စီမံကိန်းဒါရိုက်တာ မလင်းလင်းအောင်က ဆိုပါတယ်။
(၉၉)ရက်တာ လှုပ်ရှားမှုပြီးဆုံးတဲ့ အထိမ်းအမှတ်အနေနဲ့ အမျိုးသမီးလူငယ်တွေအတွက်အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို အဖွဲ့အစည်း(၅၄)ခုနဲ့ ချိတ်ဆက်ပြီး နိုဝင်ဘာလ (၂၀)ရက်နေ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 
ရိုက်ကူးတည်းဖြတ် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly