မတ္တရာမြို့နယ်အတွင်း စက်ယန္တရားများဖြင့် တောင်များဖြိုချနေမှုအပေါ် ဒေသခံများ ကန့်ကွက်

မတ္တရာမြို့နယ်အတွင်း စက်ယန္တရားများဖြင့် တောင်များဖြိုချနေမှုအပေါ် ဒေသခံများ ကန့်ကွက်
(ဓာတ်ပုံ- အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး(နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။      ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းမှာ လုပ်ငန်းရှင် တချို့က စက်ယန္တရားများဖြင့် တောင်များဖြိုချနေမှုအပေါ် သဘာဝပတ်ဝန်းကျင် ပျက်စီးသည်ဟုဆိုကာ ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးထားသောစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ နိုဝင်ဘာလ ၁၉ ရက်က ပေးပို့လိုက်သည်။

မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စု၊ ကင်းကျေးရွာရှိ ကွင်းအမှတ် ၁၉၂(က)၊ ၁၉၂(စ)နှင့် ၁၉၄ တို့တွင် လုပ်ငန်းရှင် တချို့က တောင်များဖြိုချနေခြင်း၊ သဘာဝအလျောက် ပေါက်ရောက်နေသော သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ကွန့်ကွက်ရခြင်းဖြစ်ကြောင်း ထိုဒေသမှ ရပ်မိရပ်ဖ တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ကန့်ကွက်သူ  ဦးလှတင့်က “ကျောက်တောင်တွေ ဖြိုတယ်ဗျာ၊ ကျောက်ဗြုန်းတွေ ထုတ်တယ်ဗျာ၊ ထင်းတွေ ခုတ်တယ်၊ သစ်ပင်တွေ အများကြီး ပြုန်းတီးသွားတယ်။ အခု လုပ်နေတာကို သက်ဆိုင်ရာက လာကြည့် စေချင် တယ်ဗျာ။ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်နေသလို စမ်းရေ၊ စမ်းပေါက်တွေ ပိတ်ကုန်တယ်” ဟု ပြောသည်။

ကွင်းအမှတ် ၁၉၄ ရှိ မြေဧရိယာ ၁၆ ဒဿမ ၅၃ ဧကနှင့် ကွင်းအမှတ် ၁၉၂(က)ရှိ မြေဧရိယာ ၁၄ ဒဿမ ၃၂ ဧကကို အောင်မြင်သူ ကုမ္ပဏီမှ လည်းကောင်း၊ ကွင်းအမှတ်(ကွင်းပြင်)ရှိ မြေဧရိယာ ၃၀ ဧကနှင့် ကွင်း အမှတ် ၁၂၉(စ)ရှိ မြေဧရိယာ ၂၇ ဧကကို ဦးမြင့်ဇော်ဆိုသူမှ လည်းကောင်း၊ ကွင်းအမှတ်(ကွင်းပြင်)ရှိ မြေဧရိယာ ၇၄ ဧကကို မြင့်ကုမ္ပဏီမှ လည်းကောင်း လျှောက်ထား လုပ်ကိုင်နေကြောင်း မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ နေရာများကို လုပ်ငန်းရှင်များက အာဏာပိုင်များထံ လျှော်ဖြူ စိုက်ပျိုးရန်နှင့် အစုအဖွဲ့ပိုင် စိုက်ခင်းများ စိုက်ပျိုးရန်ဟုဆိုကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထား ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေးကို ဟန်ပြသာ လုပ်ကိုင်ပြီး အနီးရှိ နဂါးပတ်တောင်နှင့် ညောင်အိုင်တောင် အပါအဝင် တောင်ငါးလုံးကို ဖြိုနေခြင်းဖြစ်သည်ဟု ကန့်ကွက်သူများက ပြောသည်။

ကန့်ကွက်သူ ဦးဝင်းဌေးက “အပင်စိုက်၊ ခြံခတ်ရင် လက်သင့်ခံတယ်။ အခုဟာက တောင်ဖြိုတယ်၊ ဘာလုပ်တာ လဲ၊ လက်မခံနိုင်ဘူး” ဟု ပြောသည်။

ထိုသို့ လုပ်ဆောင်နေခြင်းကို တားဆီးပေးရန် မြို့နယ်အဆင့် အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တစ်စုံ တစ်ရာ ထူးခြားမှု မရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရထံ ကန့်ကွက်စာ ပေးပို့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှတ်တော်အမတ် ဦးမောင်မောင်အေးက “ကန့်ကွက် တိုင်ကြား တာတွေကတော့ အများကြီးပဲ။ ဒါတွေက မြို့နယ် လယ်/စီနဲ့ ဆိုင်တယ်လေ။ ကျွန်တော်တို့လည်း ကွင်းဆင်း စစ်ဆေး ပါမယ်” ဟု ပြောသည်။

ကန့်ကွက်မှုအပေါ် ကွင်းဆင်းစစ်ဆေးပြီး တစ်စုံတစ်ရာ ဖြေရှင်းမပေးပါက လက်ရှိ တောင်ဖြိုနေသည့် လုပ်ငန်း များကို ဝင်ရောက် တားဆီးမှုများ လုပ်ဆောင်သွားမည်ဟုလည်း ကန့်ကွက်သူများက ပြောသည်။

မတ္တရာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လုပ်ပိုင်ခွင့်ရရှိသူများ၏ လုပ်ငန်းများအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း မဇ္စျိမသို့ ပြောသည်။

ထို့နောက် လုပ်ကိုင်ခွင့် ရရှိထားသူများကို မဇ္စျိမက ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခြင်းကြောင့် တစ်စုံတစ်ရာ မသိရပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required