စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အရေးယူရန် အခက်အခဲများရှိနေဟုဆို

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အရေးယူရန် အခက်အခဲများရှိနေဟုဆို
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။   ။ နိုဝင်ဘာ ၁၉။        ။ ရန်ကုန်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအား အရေးယူဆောင်ရွက်ရန်အတွက်  ဝန်ထမ်းအင်အား အခက်အခဲရှိနေသည်ဟု စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူးဦးချိုထွန်းအောင်က ပြောသည်။

"အမှိုက်နဲ့ပတ်သက်ပြီးတော့မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တဲ့ဟာကို အရေးယူဖို့ဥပဒေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြီးသားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဒီဥစ္စာကို အကောင်အထည် ဖော်ဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ လက်ရှိ ဝန်ထမ်းအင်အားနဲ့ အချိန်ကိုစောင့်ကြည့်ပြီးတော့မှ လိုက်ပြီး တော့ လုပ်ဆိုင်နိုင်ဖို့ဆိုတဲ့နေရာမှာ အခက်အခဲတွေရှိပါတယ်"ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သူဦးရေသည် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ၇သန်းကျော်ရှိပြီး အမှိုက်ထွက်ရှိ မှုသည် တစ်နေ့လျှင် တန်ချိန် ၂၅၀၀ကျော် ထွက်ရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"ရန်ကုန်မြို့ရဲ့ အမှိုက်ထွက်ရှိမှု လက်ရှိမှာ တစ်နေ့ကို တန် ၂၅၀၀ကျော်လောက်ထွက်ရှိတယ်။ ၂၅၀၀ကျော် ထဲကမှ တန် ၁၅၀၀ကို ရန်ကုန်အနောက်တိုင်းမှာရှိတဲ့ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကို ပို့ဆောင်ပြီးတော့မှ ဖျက်ဆီးတာရှိပါတယ်။ ၁ထောင်ကျော်လောက်ကိုတော့ ရန်ကုန်အရှေ့ပိုင်းမှာရှိတဲ့ ထားဝယ်ချောင် အမှိုက်ပုံကို ပို့ပြီးတော့မှ ဖျက်ဆီးတာရှိပါတယ်။ နောက်တစ်ခုက မင်္ဂလာဒုံလှော်ကားမှာရှိတဲ့ နောက်ဆုံးစွန့်ပစ်အမှိုက်  ဖျက်ဆီးတဲ့ စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံကို တစ်နေ့ကို တန်၆၀လောက်ပို့ပြီးတော့မှ မီးရှို့ဖျက်ဆီးနေတဲ့ အစီအစဉ်လည်းရှိပါတယ်။ ထိန်ပင်မှာတော့ လက်ရှိမှာ တန် တစ်ထောင်ကျော်ကို ပိုလန်နဲ့ ဆက်စပ်ပြီးတော့မှ ပိုလန်နိုင်ငံနည်းပညာနဲ့ အမှိုက်ကနေ CNGထုတ်ဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်" ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်၏ ရပ်ကွက်နီးပါးတွင် အမှိုက်ကန်များ၊ အမှိုက်ပုံးများသာမက အသစ်ဝယ်ယူ ထားသည့် အမှိုက်သိမ်းကားများနှင့် ဝန်ဆောင်မှုပေးလျက်ရှိသော်လည်း  ရန်ကုန်မြို့၏ လမ်းမထက်နှင့်၊ ချောင်းများ၊မြောင်းများ၌ အမှိုက်စွန့်ပစ်မှုများက ရှိနေသေးကြောင်း သိရသည်။

အဆိုပါ အမှိုက်များသည် မိုးရာသီတွင် ချောင်းများ၊ မြောင်းများ၏ ရေစီးဆင်းမှုအား ပိတ်ဆို့စေမှုကြောင့် ရေကြီးရေလျှံ ရသည့် အကြောင်းရင်းများထဲမှ  တစ်ခုဖြစ်နေသည်။

"မိုးမရွာဘဲကနေ ရုတ်တရက်မိုးရွာလိုက်တဲ့အချိန်မှာ အမှိုက်ပိတ်ဆို့တယ်ဆိုတာကတော့ ကျွန်မတို့ကတော့ ဖြစ်တယ်ဆိုတာနဲ့ ချက်ချင်းဆောင်ရွက်ပေးပါတယ်။ ဒီလိုမဖြစ်ဖို့က အများပြည်သူကပါ ပူးပေါင်းဆောင်ရွက် နိုင်မှပါ။ အဲ့ဒီကိစ္စတွေက တကယ့်တကယ်ကျ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၌ ရန်ကုန်မြို့၏ တစ်နှစ်စာ အမှိုက်ထွက်ရှိမှုသည် တန်ချိန် ခုနစ်သိန်းကျော် ရှိခဲ့ပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင်မူ တန်ချိန် ရှစ်သိန်းကျော်အထိ တိုးလာခဲ့သည်။ မီဒီယာများတွင် ဖော်ပြပါရှိ သည့် အချက်အလက်များအရ စည်ပင်သာယာရေးကော်မတီတွင် အမှိုက်များ ရှင်းလင်းသိမ်းဆည်းရန် အတွက်  နေ့စား သန့်ရှင်းရေးဝန်ထမ်း ၄,ဝဝဝ ခန့်သာရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required