တရုတ်မြောက်ပိုင်းတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး ၁၅ ဦး သေဆုံး

တရုတ်မြောက်ပိုင်းတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး ၁၅ ဦး သေဆုံး

ပေကျင်း၊ နိုဝင်ဘာ ၁၉။         ။ တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ကျိပြည်နယ်တွင် ကျောက်မီးသွေးမိုင်းတွင်းတစ်တွင်း ပေါက်ကွဲမှု ဖြစ်ရာတွင် လူ ၁၅ ဦး သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၁၉ ရက်၌ ဖော်ပြသည်။

Shangxi Pingyao Fengyan Coal & Coke Group Co ကုမ္ပဏီပိုင် မိုင်းတွင်းတွင် နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲခြင်း ဖြစ်ပြီး ယင်းပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူ ကိုးဦး ရှိခဲ့ကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။

ပေါက်ကွဲမှု ဖြစ်ချိန်တွင် မြေအောက်၌ မိုင်းလုပ်သား ၃၅ ဦး အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ပြီး မိုင်းလုပ်သား ၁၁ ဦးက ပေါက်ကွဲမှုဘေးမှ အလွတ်ရုန်းလာနိုင်ခဲ့၍ ထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်ကြောင်း ရှင်ဟွာသတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသည့် မိုင်းလုပ်သားများ၏ အခြေအနေက စိုးရိမ်စရာ မရှိပေ။ အာဏာပိုင်များက ပေါက်ကွဲမှု ဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

တရုတ်နိုင်ငံတွင် မိုင်းလုပ်ငန်း၌ ဘေးအန္တရာယ် ကင်းသည့် စံချိန်စံနှုန်း နည်းပါးခြင်းကြောင့် လူသေဆုံးမှုများသော မိုင်းတွင်း မတော်တဆမှုများ အဖြစ်များသည်။

တရုတ်ကက်ဘိနက်အစိုးရအဖွဲ့ ဖြစ်သော နိုင်ငံတော်ကောင်စီ၏ ပြီးခဲ့သည့် သီတင်းပတ်က အစည်းအဝေးတစ်ရပ်၌ လုပ်ငန်းခွင် ဘေးရန်ကင်းရေးကို မြှင့်တင်ရန် စည်းကမ်းလျော့ရဲမှုများကို ပြတ်ပြတ်သားသား အရေးယူသွားရေး ဆုံးဖြတ်ချက်ချ ညွှန်ကြားချက် ထုတ်ခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required