ဗိုလ်ချုပ်ကြီးယွက်စစ် ခရီးစဉ် ပျက်သွားမှုကိစ္စ အစိုးရနှင့် RCSS ဆွေးနွေး

ဗိုလ်ချုပ်ကြီးယွက်စစ် ခရီးစဉ် ပျက်သွားမှုကိစ္စ အစိုးရနှင့် RCSS ဆွေးနွေး
 အစိုးရ ကိုယ်စားလှယ်နဲ့ RCSS ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးနေစဉ်။

နိုဝင်ဘာ ၁၉။        ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ် NCA လေးနှစ်ပြည့် အခမ်း အနားနှင့် JICM အစည်းအဝေး တက်ရောက်ရေး  နေပြည်တော်သို့ လာရောက်မည့် ခရီးစဉ် ပျက်သွားခဲ့ရခြင်း အခြေအနေအပေါ် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်RCSS ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကိုအစိုးရ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် RCSS မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောင်ခေး  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၉ရက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

RCSS မှ အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီး စိုင်းငင်းက “ ဥက္ကဋ္ဌကြီးရဲ့ ပြည်တွင်းခရီးစဉ် ပျက်သွားတာနဲ့ ပတ် သက်ပြီး ပြောဖြစ်ခဲ့ကြတယ်၊ အစိုးရဘက်ကလည်း အဲဖြစ်စဉ်အပေါ်မှာလွဲချော်မှုလေးတွေကို ပြန်ရှင်းပြခဲ့တာ ပေါ့။ ကျွန်တော်တို့ဘက်ကလည်း ကိုယ့်အခက်အခဲတွေကိုပြန်ပြောခဲ့ကြတယ်။ အားလုံး နားလည်မှုတွေ ရသွား တာပေါ့။ နောက်ကျရင် ရှေ့ဆက်ပြီး ကျွန်တော်တို့ EAO ခေါင်းဆောင်တွေ ခရီးစဉ်တွေရှိတယ်ဆိုရင် သေသေ ချာချာနဲ့ ကြိုတင်ညှိနှိုင်း စီစဉ်ပြီးမှလုပ်ကြအောင်ဆိုတဲ့ သဘောထားတွေ ရှိခဲ့ပါတယ်။ နောက်နောင်လည်း ဒါ မျိုး မဖြစ်အောင် နှစ်ဖက်စလုံးဝိုင်းဝန်း ထိန်းသိမ်းမယ် စီစဉ်ကြမယ်ဆိုတဲ့ သဘောထားတွေ ကျွန်တော်တို့ ရခဲ့ ပါ တယ် ” ဟုမဇ္ဈိမသို့ ပြောသည်။

RCSS ကိုယ်စားလှယ်များကို တွေ့ရစဉ်။
 

RCSS ဥက္ကဋ္ဌလည်းဖြစ် NCA ထိုးထားသည့် လက်နက်ကိုင်၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ကြီး ယွက်စစ်သည် ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သော NCA လက်မှတ်ထိုးခြင်းလေးနှစ်ပြည့် အခမ်းအနားနှင့် JICM အစည်းအဝေး တက်ရောက်ရန် အတွက် နေပြည်တော်သို့ လာရောက်ရန်စီစဉ်ခဲ့သည်။

အဆိုပါ NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့်JICM အစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက်  ဗိုလ်ချုပ်ကြီးယွက်စစ်သည် RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းမှ ဟိုမိန်း- လင်းခေး၊ နမ့်စန်၊ တောင်ကြီးလမ်း ကြောင်းအတိုင်း ထွက်ခွာခဲ့ရာ အောက်တိုဘာလ ၂၅ ရက်တွင် တောင်ကြီးသို့ ရောက်ရှိမည်ဖြစ်ပြီးထိုမှတဆင့် နေပြည်တော်သို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရောက်ရှိရန် စီစဉ်ခဲ့သော်လည်းတပ်မတော်က လုံခြုံရေး အခြေအနေကြောင့် ပြည်တွင်းလမ်းကြောင်းကနေ မလာဘဲ ထိုင်းနိုင်ငံကိုဖြတ်ကာ တာချီလိတ်ကနေ နေပြည် တော်ကို လေယာဉ်ဖြင့် လာရောက်ရန် အကြောင်းကြားခဲ့ရာမှ ခရီးစဉ်ပျက်သွားခဲ့သည်။

ထိုခရီးစဉ် ပျက်သွားခြင်းကြောင့် အောက်တိုဘာ ၃၀ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် JICM အစည်း အဝေး ယနေ့ထိတိုင် မကျင်းပနိုင်ပဲ ဖြစ်နေသလိုနှစ်ဖက်ကြား ယုံကြည်မှု လျှော့နည်းသွားခြင်းကြောင့် အစိုးရ ကိုယ် စားလှယ်များနှင့်RCSS မှ ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၉ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မှာ တွေ့ဆုံကာဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်ခရီးစဉ် ပျက်သွားခဲ့ခြင်း အခြေအနေ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနေမှုအခြေအနေများ၊ တပ်မတော်နှင့် RCSS ကြား ချုပ်ဆို ထားသည့် Bilateral စာ ချုပ်ပါ မကျေလည်ဖြစ်နေသော ကိစ္စတချို့ကို ဆွေးနွေးခဲ့ကြသလို  NCA အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အမြန်ဆုံး ခေါ်ယူနိုင်ရေး အစိုးရဘက်က အဆိုပြုမှုအပေါ် အပြန်အလှန် ဆွေး နွေး ခဲ့ကြကြောင်းRCSS ဘက်က ပြောသည်။

အစိုးရ ကိုယ်စားလှယ်များကို တွေ့ရစဉ်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ ကျွန်တော်တို့JICM ကို အမြန်ဆုံး ခေါ်ယူဖို့ လက်ခံတယ်၊ ဒါပေမယ့် PPST အစည်း အဝေး ဆုံးဖြတ်ချက်ကိုခံယူပြီးမှပဲ လုပ်လို့ရမယ်၊ PPST အစည်းအဝေး ကျင်းပသွားဖို့ရှိပါတယ်။ နောက် တစ်ခု ကယုံကြည်မှု တည်ဆောက်တဲ့ကိစ္စကိုကျွန်တော်တို့ဘက်က အကျေအလည် ဆွေးနွေးခဲ့ကြတယ်၊ အဲဒါက လည်း အဆင်ပြေပါတယ်။ ကောင်းမွန်တဲ့အခင်းအကျင်း ဖြစ်ပါတယ်”ဟု ပြော သည်။ အစိုးရနှင့် နီးစပ်သူတစ် ဦး ကလည်း ဆွေးနွေးမှု အဆင်ပြေကြောင်း ဆိုသည်။

ဒေါက်တာတင်မျိုးဝင်းဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ် များနှင့်လည်း ဆွေးနွေးသွားမည်ဖြစ်သလိုKNU ခေါင်းဆောင် များ ဖြင့်လည်း သီးခြား ထပ်မံတွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်သွားရန်လည်းရှိကြောင်း သိရသည်။

NCA ထိုးထားသည့်အဖွဲ့များကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအ အစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်ဖွဲ့(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုး သား လွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU) တို့ ဖြစ်ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly