အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ

အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သက်ရှိတိုင်းကျန်းမာနေစေဖို့ လိုအပ်တဲ့ အာဟာရတွေကို နေ့စဉ်မှီဝဲမိဖို့လိုပါမယ်။ ဒီလိုမှီဝဲတဲ့အခါ အခြေခံလိုအပ်ချက်တွေက အတူတူပဲဆိုပေမယ့် ကလေးလေးဖြစ်နေတာ၊ အမျိုးသားဖြစ်နေတာ၊ အမျိုးသမီးဖြစ်နေတာ၊ ဖိုးဖိုးဖွားဖွားဖြစ်နေတာကြောင့်ဆိုပြီး အာဟာရလိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ဒီကွာခြားချက်အလိုက်ပြည့်မီအောင် ဖြည့်ပေးနိုင်မှာ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်​တော့မပေါ့။ ဒီတော့ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအာဟာရတွေပြည့်မီဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးလိုက်ပါတယ်။
ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့

နေ့ရက်တိုင်းမှာ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဆိုရင်တော့
ဗီတာမင် D

ဗီတာမင် D ကိုအဓိကရနိုင်တာက နေရောင်ခြည်ကနေပါ။ ဒါပေမယ့် ဗီတာမင် D ကိုနေရောင်ခြည်ကနေ လုံလောက်စွာရရှိစေဖို့လိုပါမယ်။ ဒီလိုဆို အစားအသောက်ကနေရနိုင်လားဆိုတော့ ဗီတာမင် D ရနိုင်တဲ့ အစားအသောက်က သိပ်များများစားစားမရှိပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို ဗီတာမင် D ၁၀၀၀ IU လိုအပ်ပါမယ်။

ဗီတာမင် D ကဘာလုပ်ပေးလဲ…….

ဗီတာမင် D က အသက်အရွယ်ရလာတာနဲ့အမျှ ပိုအရေးပါလာပါတယ်။ အရိုးနဲ့ကြွက်သားတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ ရုတ်ရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဘယ်ကနေရနိုင်လဲ….

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးကြီးဆီ၊ နို့၊ ချိစ်၊ ကြက်ဥအနှစ်၊ လိမ္မော်သီးဖျော်ရည်၊ ဒိန်ချဉ်၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ cereal တို့ကို စားပေးသင့်ပါတယ်။
ဖောလိတ် (သို့မဟုတ်) ဖောလစ်အက်ဆစ်

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တွေထဲကတစ်ခုပါ။ ပုံမှန်အစားအသောက်တွေကနေရရှိနိုင်ပါတယ်။ ကလေးလေးအရွယ်ကနေစလို့ အသက်ကြီးတဲ့အထိမဖြစ်မနေပြည့်ဝနေဖို့လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ တစ်နေ့တာကို ဖောလိတ် ၄၀၀ မိုက်ခရိုဂရမ်လိုအပ်ပါမယ်။

ဖောလိတ်က ဘာလုပ်ပေးလဲ………..

နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးကြေလေးတွေကို ကျန်းမာစေပြီး သွေးတွင်းမှာ အဆီဓာတ်တွေမများအောင် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဘယ်ကနေရနိုင်လဲ….

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကညွတ်၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး၊ ပဲထောပတ်တို့ကနေရရှိနိုင်ပါတယ်။
ဗီတာမင် B12

ဦးနှောက် နဲ့ အာရုံကြောကျန်းမာစေဖို့ အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ အသက်အရွယ်ရလာတဲ့သူတွေမှာ ပိုလိုအပ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တစ်နေ့တာမှာ ဗီတာမင် B12 ၂.၄ မိုက်ခရိုဂရမ်လိုအပ်ပါမယ်။

ဗီတာမင် B12 ကဘာတွေလုပ်ပေးလဲ……

ဗီတာမင် B12 က ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး အာရုံကြောစနစ်ကို အကောင်းဆုံးစွမ်းဆောင်ရည်ရရှိစေဖို့ ထောက်ပံ့ပေးပါတယ်။ မှတ်ဉာဏ်ကောင်းစေသလို စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။

ဘယ်ကနေရနိုင်လဲ…..

ဆယ်လ်မွန်၊ ပုဇွန်ဆိတ်၊ အမဲသား၊ ကြက်သား၊ ခုံး၊ ဥအမျိုးမျိုး၊ နို့၊ ချိစ် တို့ကနေရရှိနိုင်ပါတယ်။
ဗီတာမင် A

အစားအစာတွေကနေ အလွယ်တကူရရှိစေနိုင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေ အများဆုံးရရှိစေနိုင်ပါတယ်။ တစ်နေ့တာမှာ ဗီတာမင် A ၃၀၀၀ IU လိုအပ်မှာဖြစ်ပါတယ်။

ဗီတာမင် A ကဘာတွေလုပ်ပေးလဲ………..

ဗီတာမင် A က အမြင်အာရုံကျန်းမာစေနိုင်သလို ကိုယ်ခံအားလည်းကောင်းစေနိုင်ပါတယ်။ အရိုးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရမ်းများလည်းမကောင်းသလို အရမ်းနည်းရင်လည်း အဆင်မပြေပါဘူး။

ဘယ်ကနေရနိုင်လဲ……

မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ သခွားမွှေး၊ ပန်းဂေါ်ဖီစိမ်း၊ ဥအမျိုးမျိုး၊ နို့၊ ငါးကြီးဆီတို့ကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် C

နေ့စဉ်ကျန်းမာနေစေဖို့ အရေးပါတဲ့ဓာတ်တစ်ခုပေါ့။ အရေပြားကနေစလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း ကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။ တစ်နေ့တာကို ဗီတာမင် C ၉၀ မီလီဂရမ်လိုအပ်မှာပါ။

ဗီတာမင် C ကဘာတွေလုပ်ပေးလဲ……..

ကိုယ်ခံအားကောင်းစေတယ်။ အသားအရေကြည်လင်စေတယ်၊ အရွယ်တင်နုပျိုစေတယ်၊ အအေးမိဖျားနာနဲ့ ကူးစက်ပိုးတွေကနေ ကာကွယ်ပေးတယ်။ အနာကျက်မြန်စေတယ်။ အာဟာရစုပ်ယူမှုကို ပိုကောင်းအောင်ထောက်ပံ့ပေးတယ်။

ဘယ်ကနေရနိုင်လဲ……

လိမ္မော်သီး၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အာလူး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ သံပရိုသီး၊ သံပရာသီး၊ နာနတ်သီး၊ ဖရဲသီး၊ ကညွတ်တို့ကနေရရှိ နိုင်ပါတယ်။

ဒါတွေအပြင် ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K၊ Omega – 6၊ Omega – 3 တို့ကိလည်း ပြည့်ဝလုံလောက်ဖို့လိုအပ်ပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly