ပြုပြင်ထားသော နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များ ပြသမည့်အစီအစဉ်ဖျက်သိမ်း

ပြုပြင်ထားသော နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များ ပြသမည့်အစီအစဉ်ဖျက်သိမ်း

နိုဝင်ဘာ ၁၈၊ ရန်ကုန်။        ။ ပြုပြင်ထားသော နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များ ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း Memory Film Festival Yangon ထံမှ သိရသည်။

 “လမ်းမထက်က Memory ရုပ်ရှင်ပွဲတော်” အစီအစဉ်သည် Memory Film Festival Yangon ၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး ပြန်လည်ပြုပြင်ထားသော ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ရန်ကုန်မြို့နောက်ဖေးလမ်းကြားတွင် မှုံရွှေရည်၊ အဖေတစ်ခုသားတစ်ခု၊ မြဂနိုင်စသည့် မြန်မာခေတ်ဟောင်းရုပ်ရှင်များကို  နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြသရန်စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် အဆိုပါအစီစဉ်ကို နေရာအဆင်မပြေသောကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပြီဖြစ်ကြောင်း Memory Film Festival Yangon ၏ လူထုဆက်ဆံရေးတာဝန်ခံ မနော်ဝတ်ရည်လေးက ပြောသည်။

“ကျွန်မတို့ အဲဒီရုပ်ရှင်နေရာကို ပြန်ကြော်ငြာပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်ကလည်း စောင့်ရဦး မယ်။ ဒီတစ်လအတွင်းမရသေးဘူးဆိုတော့ နေရာကို ပြန်ရွှေ့လိုက်တာ။ မြန်မာခေတ်ဟောင်းကားလည်း ဖြစ်တော့ လူအများကြီးကြည့်မယ်ဆိုရင် ရုပ်ရှင်ရုံ(ဒါမှမဟုတ်) ပန်းခြံမှ အဆင်ပြေမှာ။ နောက်ဖေးလမ်းကြားမှာ ကျတော့ လူအများကြီး လာကြည့်ဖို့က နေရာအခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ပြမည့်အစီအစဉ်ကို ဖျက်လိုက်သော်လည်း မြန်မာ့ရုပ်ရှင်ရွှေခေတ်၏ ထူးခြားသော ရုပ်ရှင်ကားများ၊ ရုပ်ရှင်သရုပ်ဆောင်များကို နံရံပန်းချီများရေးဆွဲထားပြီး အနုပညာဖန်တီးမှုများပြုလုပ်ထားသည့် နောက်ဖေး လမ်းကြားသည် “လမ်းမထက်က Memory ရုပ်ရှင်ပွဲတော်” အဖြစ် ကျန်ရှိနေမည်ဟု သိရသည်။

“အစကတော့ နောက်ဖေးလမ်းကြားနဲ့ Memory ရုပ်ရှင်ပွဲတော်ပေါင်းပြီး ဘယ်လိုအနှစ်သာရ ရအောင် လုပ်မလဲ ဆိုပြီး အဲဒီစိတ်ကူးနဲ့ပဲ ကျွန်မတို့ပြမယ့် ရုပ်ရှင်မှာပါတဲ့ ဇာတ်ဝင်ခန်းတို့၊ မင်းသား၊ မင်းသမီးပုံတွေ ဆွဲထားပေါ့။ မနှစ်က မဟာဗန္ဓုလပန်းခြံနဲ့ ဝဇီရာရုပ်ရှင်ရုံမှာပြတာ အရမ်းအောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ နောက်ဖေး လမ်းကြားမှာပါပြမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် တစ်ခြားနေရာတွေမှာပြတဲ့အခါ လူအရမ်းများတော့ နေရာ အဆင်မပြေတဲ့အတွက် ပြောင်းလိုက်တာပါ။ ရုပ်ရှင်ပြတဲ့အစီအစဉ် မလုပ်ဖြစ်တော့ပေမယ့် နောက်ဖေးလမ်းက ပန်းချီကားတွေ၊ အနုပညာဖန်တီးမှုတွေကတော့ ရှိနေဦးမှာပါ” ဟု ၎င်းက ပြောသည်။

၇ ကြိမ်မြောက် Memory ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ နှင့် ဝဇီရာရုပ်ရှင်ရုံတို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာရုပ်ရှင်နှင့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကို ပြသသွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required