ပျက်သွားသော စီစီတီဗွီ မှတ်တမ်းဖိုင်ကို အမြန်ဆုံးပြန်စစ်ဆေးပေးရန် ဗစ်တိုးရီးယားဖခင်တောင်းဆို

ပျက်သွားသော စီစီတီဗွီ မှတ်တမ်းဖိုင်ကို အမြန်ဆုံးပြန်စစ်ဆေးပေးရန် ဗစ်တိုးရီးယားဖခင်တောင်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၈။    ။ နေပြည်တော်ရှိ ဗစ်တိုးရီးယားအမှုတွင် Wisdom Hill မူကြိုကျောင်းမှ ပျက်သွားသော စီစီတီဗွီ မှတ်တမ်းဖိုင်ကို အမြန်ဆုံးစစ်ဆေးပေးရန် ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက တောင်းဆိုခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏ ခရိုင်ဥပဒေရုံးတွင် အဆိုပါDVR စက် Hard Disk အတွင်းမှ မှတ်တမ်းဖိုင်ကို အမြန်ဆုံးစစ်ဆေးပေးရန်အတွက် လျှောက်လွှာတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၁၀ကြိမ်မြောက်ဗစ်တိုးရီးယားအမှု ရုံးချိန်းအတွင်း ကျောင်း၏ စီစီတီဗွီ မှတ်တမ်းထိန်းသိမ်းသူကို စစ်ဆေးခဲ့ရာ အဆိုပါ စီစီတီဗွီဖိုင်ပါသည့် DVR စက်အတွင်း၌ မည်သည့် မှတ်တမ်းမျှ မရှိတော့သည့် အတွက် နှစ်ဘက် ရှေ့နေများမှ အဆိုပါ စက်အတွင်းမှ မှတ်တမ်းများပြန်လည်ရရှိရန် ရုံးတော်ကို  လျှောက်ထားခဲ့ရာ တရားသူကြီးမှ သင့်လျော်သည့် အချိန်တွင် စစ်ဆေးရန် ပြောကြားခဲ့သည်။

“အဲ့တော့ ကျွန်တော်တို့ကစစ်ဆေးခွင့်မပြုဘူးလို့ အမိန့်ချလိုက်ရင်လည်းတစ်မျိုးပေါ့။ စစ်ဆေးခွင့်ပြုမယ်လို့ အမိန့်ချလိုက်ရင်လည်းတစ်မျိုး ။သင့်တော်တဲ့ အချိန် ဆိုတော့ ကျတော့ ကျွန်တော်တို့က ဘယ်တော့များမှ သင့်တော်မလဲဆိုတာမျိုးကကျတော့ တော်တော်ခက်ခဲတာပေါ့။ အဲ့တော့ သင့်တော်တဲ့အချိန်ဆိုတာ ဘယ်လို အချိန်မျိုးလဲဆိုတာမျိုး တိတိကျကျ သတ်မှတ်ပေးပါလို့ ဆိုပြီးကာမှ ကျွန်တော်တို့က ခရိုင်ဥပဒေ အရာရှိကနေ တဆင့် တရားသူကြီးကို လျှောက်ထားပေးဖို့ဆိုပြီး အဲ့လျှောက်လွှာလေး လာတင်တာပါ” ဟု လျှောက်လွှာ တင်ရာတွင်ပါရှိခဲ့သည့် ဗစ်တိုးရီးယားမိသားစုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာ ဝင်းကိုကိုသိန်း ကပြောသည်။

လက်ရှိတွင် ဗစ်တိုးရီးယားအမှုကို နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးနေပြီး ယခုအခါ ၁၀ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ထို့အပြင် အဆိုပါမှတ်တမ်းကို အမြန်ဆုံးစစ်ဆေးပေးရန်အတွက် လျှောက်လွှာတင်ထားမှုကို ခရိုင်ဥပဒေအရာရှိက လက်ခံထားပြီး တရားသူကြီးထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု ၁၀ကြိမ်မြောက်ရုံးချိန်းအပြီးတွင်  အရေးကြီးသက်သေအဖြစ် ကာယကံရှင် သမီးငယ်လေးကို စစ်ဆေးပြီးထားပြီး ပစ္စည်းသက်သေဖြစ်သည့် အဆိုပါ စီစီတီဗွီမှတ်တမ်းကို အများကြီးမျှော်လင့်ထားကြောင်း နှင့် အဆိုပါ Wisdom Hill မူကြိုကျောင်း ဇ-၁၄ထဲသို့ ဝင်လာသော မှတ်တမ်းကို ၎င်းစီစီတီဗွီမှ မြင်နိုင်သော အထောက်အထားဖြစ်ကြောင်း ဒေါက်တာဝင်းကိုကိုသိန်းက ရှင်းပြသည်။

“အဲ့ဒီ အထောက်အထားဖြစ်နေတဲ့ နေရာမှာ ဒီဟာသည် တစ်စက္ကန့်မှ အပြတ်အတောက်မရှိဘဲနဲ့ မြင်ရ မှာသာလျှင် ဒီကျောင်းထဲကို ဘယ်သူဝင်ခဲ့တယ်။ ထွက်ခဲ့တယ်ဆိုတာ သိရမှာကိုး ။ အဲ့တော့ ကျွန်တော်တို့က တရားရုံးကို တင်သွင်းထားတဲ့ ဖိုင်တွေမှာကျတော့ အပြတ်အတောက်တွေရှိနေတာမျိုးက ယူဆရတယ်။ မူရင်း သက်သေခံဖြစ်တဲ့ ဒီ DDR စက်မှာ ပါတဲ့ Hard Disk က အပြတ်အတောက်မရှိပဲနဲ့ ပြန်ထွက်လာပြီဆိုလို့ရှိရင် ကျွန်တေ်ာတို့က ဒီထဲကို ဘယ်သူဝင်သွားတယ်။ ဘယ်သူထွက်သွားတယ်ဆိုတာ ကျွန်တော်တို့က တိတိ ကျကျမြင်နိုင်သလို ဘယ်သူမှလည်းငြင်းပယ်လို့မရဘူးဆိုတာမျိုးဖြစ်သွားမှာပေါ့နော်” ဟု ပြောသည်။

အဆိုပါ ဗစ်တိုးရီးယားအမှုအတွက် ၁၁ကြိမ်မြောက်ရုံးချိန်းကို လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြန်လည် စစ်ဆေးသွားမည်ဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ကလေးငယ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုအခြေအနေနှင့်ပတ်သက်ပြီး ဆရာဝန်တစ်ဦးကို စစ်ဆေးသွားမည်ဖြစ်သည်။

လက်ရှိတွင် သံသယတရားခံအဖြစ် ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီး ကို ဖမ်းဆီးထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly