ရန်ကုန်မြို့တွင်း၆မြို့နယ် စမတ်ကားပါကင်အတွက် ကုမ္ပဏီ ၆ခု လျှောက်ထား

ရန်ကုန်မြို့တွင်း၆မြို့နယ် စမတ်ကားပါကင်အတွက် ကုမ္ပဏီ ၆ခု လျှောက်ထား
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။   ။နိုဝင်ဘာ ၁၈။           ။ ရန်ကုန်မြို့ရှိ ကားရပ်နားရန်ခက်ခဲသည့် မြို့တွင်း ခြောက်မြို့နယ်တွင် ဖော်ဆောင်မည့် စမတ်ကားပါကင်အတွက် ကုမ္ပဏီခြောက်ခုမှ တင်ဒါလျှောက်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့အတွင်းရေးမှူး ဦးလင်းခိုင်က နိုဝင်ဘာ၁၈ရက်နေ့က ပြောသည်။

"စမတ်ကားပါကင်ဆိုတဲ့အတိုင်းပဲ စမတ်ဖြစ်မယ့် နည်းပညာအနေနဲ့ အသုံးပြုပြီးကြတော့ ကောက်ခံသွားမှာဖြစ်ပါတယ်။ အဲ့ဒီမှာလည်း ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုပြိုင်မလဲဆိုတာကတော့ ကျွန်တော်တို့ တင်ဒါအဖွဲ့က စီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ၏ အဓိကအကြောင်းအရင်းသည် ယာဉ်ရပ်နားရန်နေရာမရှိသောကြောင့်ဖြစ်ကာ ထိုပြဿနာအားဖြေရှင်းရန် စမတ်ကားပါကင်စနစ် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရက ယမန်နှစ်က အသိပေးကြေငြာထားခြင်း ဖြစ်သည်။

စမတ်ကားပါကင်အတွက် တင်ဒါများကို လာမည့် ၂၉ရက်နေ့တွင် နောက်ဆုံးထားလက်ခံမည် ဖြစ်ကြောင်း ဦးလင်းခိုင်က ပြောသည်။

စမတ်ကားပါကင်စနစ်ကို ရန်ကုန်မြို့ရှိ မြို့တွင်း မြို့နယ်များ ဖြစ်သည့်  လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ပုစွန်တောင်၊ ကျောက်တံတားနှင့်  ဗိုလ်တထောင်မြို့များတွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး အလိုအလျောက် ကားရပ်နားခ ကောက်ယူရန် နည်းပညာဖြင့် ဆောင်ရွက်မည်ဟု သိရသည်။

အဆိုပါ မြို့နယ်များတွင် စမတ်ကားပါကင်စနစ် အောင်မြင်ပါက ကျန်မြို့နယ်များတွင်ပါ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly