ရွေးကောက်ပွဲ စောလျင် ကျင်းပရန် ဂျော်ဂျီယာတွင် ထောင်သောင်းများစွာ စုရုံးဆန္ဒပြ

ရွေးကောက်ပွဲ စောလျင် ကျင်းပရန် ဂျော်ဂျီယာတွင် ထောင်သောင်းများစွာ စုရုံးဆန္ဒပြ

ဘီလီစီ၊ နိုဝင်ဘာ ၁၈။       ။ ဂျော်ဂျီယာနိုင်ငံ၌ ထောင်သောင်းများစွာသော အတိုက်အခံ ထောက်ခံသူများက အစိုးရ နုတ်ထွက်ရေးနှင့် ပါလီမန်ရွေးကောက်ပွဲ စောလျင်ကျင်းပရေးတို့ကို တောင်းဆိုပြီး နိုဝင်ဘာ ၁၇ ရက်တွင် စုရုံးဆန္ဒပြကြသည်။

တစ်စတစ်စ လူကြိုက်နည်းလာသော အာဏာရပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်ရေး မရှိရာမှ ယခုကဲ့သို့ အင်အားထောင်သောင်းများစွာသော ပြည်သူများက မြို့တော် ဘီလီစီ မိန်းလမ်းမကြီးပေါ်ရှိ ပါလီမန်အဆောက်အအုံ ပြင်ပတွင် စုရုံးဆန္ဒပြကြခြင်း ဖြစ်သည်။

ဩဇာအာဏာကြီးသည့် ဘိုက်ဇီနာ အီဗန်နစ်ဗီလီ ဦးဆောင်သည့် အာဏာရ Georgian Dream ပါတီအပေါ် ဖိအားများ မြင့်တက်လျက် ရှိနေစဉ် ယခု ဆန္ဒပြမှုကြီးသည် နှစ်များစွာအတွင်း အကြီးဆုံးသော လူထုစုရုံးဆန္ဒပြမှုကြီးပဲ ဖြစ်သည်။

ဆန္ဒပြကြသူများက ဂျော်ဂျီယာနှင့် ဥရောပသမဂ္ဂ အလံများကို ဝှေ့ယမ်းရင်း အစိုးရ နုတ်ထွက်ရေးနှင့် ပါလီမန်ရွေးကောက်ပွဲ စောလျင် ကျင်းပရေးတို့ကို ကြွေးကြော်ကြသည်။ အီဗန်နစ်ဗီလီကို ဆန့်ကျင်သော ‘အားလုံး မလိုလားသည့် တစ်ဦးတည်းသော သူ’ ဆိုသည့် ဆိုင်းဘုတ်ကြီးများကိုလည်း ကိုင်စွဲထားကြသည်။

ပါလီမန်ရွေးကောက်ပွဲကို လာမည့်နှစ်တွင် အချိုးကျ မဲပေးစနစ်သစ်ဖြင့် ကျင်းပရန် ဥပဒေပြု အဆိုတစ်ရပ်အား ပြီးခဲ့သည့် သီတင်းပတ်က Georgian Dream ပါတီအမတ်များက မဲပေးပယ်ချခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်သည့် အင်အားစုများက မကြုံစဖူး စုစည်းမိကြပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြကြရန် အတိုက်အခံပါတီများက ဆော်ဩခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေပြုအဆိုကို အာဏာရ ပါတီအမတ်များက ပယ်ချခြင်းကို အီဗန်နစ်ဗီလီက ကြိုးကိုင်ချယ်လှယ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ မဲပေးစနစ်သည် မမျှတစွာ အာဏာရပါတီအတွက် အရေးသာနေစေသည်ဟု အတိုက်အခံများက စွပ်စွဲထားကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required