ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ

ရေးသားသူ Dr. Seinn Moe Satt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ့်ကျန်းမာရေးတစ်ခုတည်းကြောင့် ဆေးလိပ်ဖြတ်ဖို့ခက်နေသေးတယ်ဆိုရင် ကိုယ်ဝန်ရှိတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ယူတော့မယ်လို့ စိတ်ကူးမိတာနဲ့ ကိုယ့်ကလေးအတွက်တော့ ဆေးလိပ်ဖြတ်သင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ မိမိကိုယ်တိုင်ဆေးလိပ်သောက်ရင် သင့်ကိုယ်ဝန်မရခင်၊ ကိုယ်၀န်ဆောင်ကာလနဲ့ မွေးပြီးတဲ့အခါ သုံးချိန်စလုံးကို ဆေးလိပ်က ထိခိုက်စေတာမို့လို့ပါပဲ။

ဘယ်လိုဆေးလိပ်အမျိုးအစားမှာမဆို ပါ၀င်တဲ့ နီကိုတင်းဓာတ်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ တခြားမြောက်မြားစွာသောအဆိပ်အတောက်တွေဟာ သင်ရှူသွင်းရာက သွေးကြောထဲကတဆင့် သင့်ကလေးဆီကို တိုက်ရိုက်ရောက်ပါတယ်။ အကျိူးဆက်အနေနဲ့ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ ကြီးထွားနေတဲ့ကလေးကို အောက်ဆီဂျင်ပမာဏလျော့နည်းစေပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။ ကိုယ်၀န်ပျက်ကျခြင်း၊ သားလျှောခြင်းတွေကို ဖြစ်စေပါတယ်။ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာတွေကို အင်္ဂါမပြည့်စုံတာတွေလဲဖြစ်တတ်ပါတယ်။ရုတ်တရက် ကလေးအသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်တာများလေလေ၊ ဒါမှမဟုတ် သူများသောက်တဲ့ဆေးလိပ်ငွေ့ကိုရှူရှိက်ရတာများလေလေ အပေါ်က ကျန်းမာရေးပြသနာတွေရင်ဆိုင်ရတာများလေလေပါပဲ။ကိုယ်၀န်ဆောင်စဉ်မှာ  ဆေးလိပ်နဲ့ထိတွေ့တာ ဘယ်လောက်ထိရတယ်၊ဘယ်လောက်ထိဆို အန္တရာယ်ကင်းတယ်ဆိုတဲ့ safe level လုံး၀မရှိတဲ့အတွက် လုံး၀ကိုရှောင်ကြဉ်ရမှာပါ။

ဆေးလိပ်ငွေ့ရှုရှိုက်မိရင်

တချို့တွေကကိုယ်ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မိသားစု၀င်တစ်ဦးဦးကဆေးလိပ်သောက်တဲ့အခါ မီးလောင်နေတဲ့ ဆေးလိပ်ကထွက်တဲ့အငွေ့နဲ့ ဆေးလိပ်သောက်သူကရှူထုတ်လိုက်တဲကအငွေ့နှစ်မျိုးပေါင်းကို ရရှိခံစားရတာပါ။ ဆေးလိပ် ဒါမှမဟုတ် စီးကရက်ရဲ့ ကုန်ခါနီး ဖင်ဆီခံကိုလောင်ကျွမ်းလို့ထွက်လာတဲ့ အငွေ့တွေထဲမှာ နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုက်စတဲ့ အဆိပ်တွေဟာ တကယ်ဆေးလိပ်သောက်တဲ့လူ ရှူသွင်းလိုက်တာထက် ပိုလို့တောင် ပမာဏများများနဲ့ပါ၀င်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား အတူနေမိသားစုဝင်တစ်ယောက်ယောက် သောက်တဲ့ဆေးလိပ်ငွေ့ကို ပုံမှန်လိုရှူနေရရင် ကလေးအသေမွေးခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံလင်ခြင်းတွေအပြင် အခြားသော ကိုယ်၀န်ရဲ့ နောက်ဆက်တွဲပြသနာတွေပိုကြုံရနိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ကလေးတွေအနေနဲ့ ပန်းနာရင်ကြပ်ရောဂါ၊ ဓာတ်မတည့်ရောဂါ၊ အဆုတ်နဲ့ နားဆိုင်ရာပြသနာတွေ၊ ရုတ်တရက်နားလေးခြင်း စတာတွေ ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်ဆေးလိပ်ဘယ်လိုဖြတ်မလဲ

အသုံး၀င်တဲ့ နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ဆေးလိပ်ပြာခွက်၊ မီးခြစ် စတဲ့ ပစ္စည်းတွေကို မမြင်အောင်ထားပါ။ ကိုယ့်ရဲ့အိမ်ကို ဆေးလိပ်ကင်းစင်နေရာအဖြစ်သတ်မှတ်ပါ။ ဆေးလိပ်သောက်တဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကို သင့်အနားမှာဆေးလိပ်မသောက်ဖို့ပြောပါ။ လက်ဖက်ရည်၊ကော်ဖီ၊လက်ဖက်၊ green tea စတဲ့ ကဖင်းပါတဲ့ အစားအသောက်တွေကို တတတ်နိုင်သမျှရှောင်ပါ။ ကဖင်းက ဆေးလိပ်သောက်ချင်စိတ်ကိုဖြစ်စေတတ်လို့ပါပဲ။ ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေသူတွေအနေနဲ့ အရက်ကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ အရက်ဟာ သင့်ကိုယ်သင်ရော၊ ရင်သွေးအတွက်ပါလုံးဝကောင်းကျိုးမပေးတဲ့အပြင် အရက်သောက်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကိုပိုတွန်းအားပေးပါတယ်။ အရင်ဆေးလိပ်သောက်တာနဲ့အတူတွဲလုပ်နေကျအပြုအမူတွေကိုပါဖြတ်ပါ။

ဥပမာ သင်က အရင်က ကားမောင်းတဲ့အချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်မျိုးမှာ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဒါတွေလုပ်နေတဲ့အချိန်မှာတခြားအလေ့အကျင့်နဲ့ အစားထိုးစလုပ်ကြည့်ပါ။

ဆေးလိပ်သောက်ချင်စိတ်ပေါက်လာတဲ့အခါတိုင်း ပူရှိန်း ဒါမှမဟုတ် ပီကေဝါးကြည့်ပါ။အလွယ်တကူရနိုင်အောင် ဆောင်ထားပါ။ လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊စာဖတ်တာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေကိုပြောင်းလဲလုပ်ဆောင်ကြည့်ပါ။ လူတွေအများကြီးဆေးလိပ်သောက်တတ်တဲ့နေရာတွေဖြစ်တဲ့ ဘား၊ကလပ်၊ အရက်ဆိုင်၊ တချို့သောစားသောက်ဆိုင်တွေကို သွားတာကနေ ရှောင်ကြဉ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly