ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ

ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ

ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးသောက်ရတဲ့အားဆေးက ဖောလစ်အက်စစ်နဲ့ သံဓာတ်အားဆေးတွေ ပါ။ ဖောလစ်အက်စစ်က သန္ဓေသားဖွံ့ဖြိုးမှုကို အကျိုးပြုတယ်ဆိုတာတော့ သိတယ်၊  သံဓာတ်အားဆေးကိုရော ဘာကြောင့် ဆရာဝန်တွေကညွှန်းတာလဲ၊ ဘာလို့အရေးပါတာလဲ၊ သောက်ရင် ဘာအကျိုးတွေထူးမှာလဲ ဆိုပြီး Hello ရဲ့ မေမေဗိုက်တို့ လာလာမေးကြတယ်လေ။

တကယ်တော့ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်က ဘေဘီလေးအတွက် သွေးတွေပိုဖြစ်တည်လာဖို့ သံဓာတ်ပိုသုံးလာရတယ်။ ဒီတော့ ကိုယ့်မှာ သံဓာတ်လိုအပ်ချက်က အရင်ကထက် နှစ်ဆပိုများလာပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မေမေတွေမှာ အရေးပါတဲ့ သံဓာတ်အားနည်းတာ၊ မလုံလောက်တာက အဖြစ်များတဲ့ ကိစ္စပါ။

ဒါကိုဖြည့်တင်းနိုင်ဖို့က သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားဖို့နဲ့ ဆရာဝန်ညွှန်ကြားတဲ့ သံဓာတ်အားဆေးတွေ သောက်သုံးဖို့ပဲ ရှိပါတယ်။
သံဓာတ်က ဘာတွေအကျိုးပြုတာလဲ

အပေါ်မှာပြောခဲ့သလိုပဲ မေမေနဲ့ရင်သွေးလေးအတွက် ဟေမိုဂလိုဘင်လိုအပ်ချက်ကြောင့် သံဓာတ်ကို ခန္ဓာကိုယ်က ပိုအသုံးပြုရပါတယ်။ သံဓာတ်က မေမေ့ရဲ့အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကိုရော၊ ဗိုက်ထဲကဘေဘီလေးဆီကိုပါ အောက်စီဂျင်ပေးပို့ရာမှာလည်း အထောက်အကူပေးပါတယ်။

သံဓာတ်ကို လုံလောက်အောင်ရရှိမှ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ကို ပင်ပန်းနွမ်းလျစေတဲ့ သံဓာတ်အားနည်း၊ သွေးအားနည်းတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့မေမေဟာ ဘေဘီလေးကို ပေါင်မပြည့်ဘဲမွေးတာ ဒါမှမဟုတ် လမစေ့ဘဲမွေးတာတွေ ဖြစ်လာနိုင်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုရော သိထားပြီလား

အများအားဖြင့်တော့ အသားတွေ၊ အသီးအရွက်တွေကနေ ရနိုင်တယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသည်း၊ အမဲသား၊ ကြက်သား၊ ကြက်ဆင်သားနဲ့ ဝက်သားတို့အပြင် သက်သတ်လွတ်ထဲမှာဆို ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ တို့ဟူး၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အသင့်သောက်ကွေကာနဲ့ အာဟာရဖျော်ရည် တွေဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကနေ သံဓာတ်အလုံအလောက်ရရှိဖို့က သိပ်မလွယ်တဲ့အတွက် ဆရာဝန်တွေက လိုအပ်မယ့်ဓာတ်တွေအစုံပါဝင်ပြီးသား ကိုယ်ဝန်ဆောင်အားဆေးတွေကို ဆရာဝန်တွေက ညွှန်ကြားကြတာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မေမေက အသားမကြိုက်တဲ့သူ၊ အသီးအရွက်ပဲစားတတ်တဲ့သူဆို ပိုဆိုးပါတယ်။ သူတို့မှာ သွေးအားနည်းခြင်း၊ သံဓာတ်အားနည်းခြင်း မဖြစ်ရအောင် ပိုဂရုစိုက်သင့်ပါတယ်။
ဘယ်အချက်တွေကို ဂရုစိုက်သင့်တာလဲ

အားဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပမာဏအတိအကျသောက်ပါ။ သံဓာတ်အားဆေးကို လိုအပ်တဲ့ပမာဏထက် ကျော်လွန်ပြီးသောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတချို့ဖြစ်လာစေ နိုင်တာကြောင့်ပါ။

ဒီလိုဖြစ်လာရင် မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်ဆရာဝန်နဲ့သာ အရာရာတိုင်ပင်ပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly