ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကမ္ဘာ့သဘောတူညီချက် စာချုပ်တွင် မြန်မာနိုင်ငံလက်မှတ်ထိုးရန် တောင်းဆို

ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကမ္ဘာ့သဘောတူညီချက် စာချုပ်တွင် မြန်မာနိုင်ငံလက်မှတ်ထိုးရန် တောင်းဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇။       ။ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာကမ္ဘာ့သဘောတူညီချက်စာချုပ်(UNCAT) တွင် မြန်မာနိုင်ငံအနေဖြင့် အမြန်ဆုံးလက်မှတ်ထိုးရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က တောင်းဆိုလိုက်သည်။

 "ဒီပြည်သူလူထုကို ဖိနှိပ်တယ်ဆိုတဲ့ ကိစ္စတွေ၊ ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ ကိစ္စတွေ ကာကွယ်ဖို့ ကျွန်တော်တို့ UNCAT ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကမ္ဘာ့သဘောတူညီစာချုပ်ရှိတယ်။ နိုင်ငံတကာသဘောတူစာချုပ်ရှိတယ်။ ဒီဟာကို အခုထိ ကျွန်တော်တို့ နိုင်ငံက လက်မှတ်ထိုးထားခြင်း မရှိသေးဘူး။ ဒါကို အမြန်ဆုံးထိုးနိုင်ခြင်းအားဖြင့် အစိုးရကိုလည်း နိုင်ငံတကာက ယုံကြည်မှုပိုတိုးလာမှာဖြစ်သလို ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ လုံခြုံမှုနဲ့ တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မယ့် ကတိကဝတ်လည်း ပေးပြီးသားဖြစ်မယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့်တော့ ဒီ UNCAT လို စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးဖို့ လိုတယ်" ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

ချက်ကိုစလိုဗားကီးယား(ချက်သမ္မတနိုင်ငံ)၏ နှစ်၃၀မြောက် ကတ္တီပါတော်လှန်ရေးအထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှိပ်စက်ခံရမှု အစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Kafe in Town တွင် ပြုလုပ်ပြီး ထိုသို့ တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

စစ်အစိုးရ လက်ထက်တွင်  နိုင်ငံရေးအကျဉ်းသားဟောင်းများ ကြုံတွေ့ခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို စာရင်းပြုစုရေးသားထားသော အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများက ၎င်းတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်ပြောပြထားသည့် ရုပ်သံမှတ်တမ်းကိုလည်းပြသခဲ့သည်။

ရုပ်သံမှတ်တမ်းတွင် စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားတစ်ဦးအနေဖြင့်မိသားစုဝင်များပါ ခြိမ်းခြောက်ပြောဆိုမှုများကြုံတွေ့ရကြောင်း၊ နိုင်ငံရေးအကျဉ်းသူဟောင်းများအေနဖြင့်လည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုများပါကြုံတွေ့ရကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၏ မိသားစုဖြစ်သောကြောင့် ထိခိုက်ခံစားရမှုများကိုလည်း ကြုံတွေ့ခဲ့ရသူများက ၎င်းတို့၏ အတွေ့အကြုံကို ပြောထားသည်။

"အခုအစီရင်ခံစာက အရှေ့ကို ဆက်သွားတဲ့အခါမှာ အတိတ်မှာဖြစ်ခဲ့ကိစ္စတွေကို သင်ခန်းစာယူဖို့ ရည်ရွယ်ပါတယ်။ အကျဉ်းထောင်ထဲမှာကတော့ အဓိက အကျဉ်းသားအခွင့်အရေးပေါ့။ တစ်ချို့ဟာက လူ့အခွင့်အရေးဆိုပေမယ့် လုံခြုံရေးအရ တားမြစ်ထားတဲ့ ကိစ္စမျိုးတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဒီအကျဉ်းသားအခွင့်အရေးကိုပဲ အပြည့်အဝပေးဖို့ လိုတာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ဖို့ တောက်လျှောက် တိုက်တွန်းနေတာပါ။ အခုလည်း အစိုးရဘက်က လုပ်ဆောင်နေတွေ ရှိပါတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့ အကြံပြုသလောက်တော့ ဖြစ်မလာတဲ့ ကိစ္စတွေလည်း အများကြီးရှိနေပါတယ်" ဟု ဦးတိတ်နိုင်က ပြောသည်။

စစ်အစိုးရလက်ထက်တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများသည် လူဂုဏ်သိက္ခာထိခိုက်ခံရခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခြင်း၊ ပြန်လည်လွတ်မြောက်ချိန်တွင်လည်း ပြန်လည်ထူထောင်နိုင်ခြင်းမရှိအောင် ခြိမ်းခြောက်ခြင်းများကို ခံစားခဲ့ရကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။ ဒီမိုကရေစီရရှိရေးအတွက် တက်ကြွလှုပ်ရှားကြသူများအပေါ် အဆက်မပြတ်ရိုက်နှက်ညှဉ်းပန်းခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် သဘောတူညီမှု(UDHR)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းကိုလည်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟောင်း စုစုပေါင်းတစ်သောင်းနီးပါးရှိနေပြီး ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသည် နိုင်ငံရေးအကျဉ်းသူဟောင်းများဖြစ်ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required