အများပြည်သူ လည်ပတ်နိုင်မည့် ရုပ်ရှင်နောက်ဖေးလမ်းကြားဥယျာဉ်သစ် ဖွင့်လှစ်

အများပြည်သူ လည်ပတ်နိုင်မည့် ရုပ်ရှင်နောက်ဖေးလမ်းကြားဥယျာဉ်သစ် ဖွင့်လှစ်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ နိုဝင်ဘာ၁၇။      ။ ရန်ကုန်မြို့ (၃၃)လမ်းနှင့်  (၃၄)လမ်း နောက်ဖေးလမ်းကြား၊ ၀ဇီရာရုပ်ရှင်ရုံအနောက်တွင် အများပြည်သူ လည်ပတ်နိုင်မည့်  နောက်ဖေးလမ်းကြားဥယျာဉ်သစ်တစ်ခုကို နိုဝင်ဘာလ(၁၇)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ရုပ်ရှင်လမ်းကြားဟု အမည်ပေးထားသည့် အဆိုပါ နောက်ဖေးလမ်းကြားဥယျာဉ်သစ်တွင် ခေတ်ဟောင်းရုပ်ရှင် ပိုစတာများ၊ ယခုခေတ် နံမည်ကြီး ရုံတင်ဇာတ်ကားတစ်ချို့၏ ပိုစတာများ၊ ခေတ်ဟောင်းမင်းသား၊ မင်းသမီးများ၏ ပုံတူပန်းချီများကို ရေးဆွဲထားသည်။

အဆိုပါ ရုပ်ရှင်လမ်းကြား နောက်ဖေးဥယျာဉ်ကို YGNWALLS အဖွဲ့နှင့်  ရန်ကုန်မြို့တော်စည်ပင် ပူးပေါင်းကာ  ဇွန်လမှစတင်ကာ ခြောက်လကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ခေတ်အဆက်ဆက်ကို လူငယ်များ  ခံစားသိရှိနိုင်အောင် ပုံဖော်ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု YGNWALLS အဖွဲ့၏  ဒါရိုက်တာ ကိုအဲလက်စ်စည်သူက ပြောသည်။

“Downtown ခြောက်မြို့နယ်လုံးက နောက်ဖေးလမ်းကြားတွေကို သူတို့ဘတ်ဂျတ်နဲ့ သူတို့ခင်းတယ်၊ ဒါပေမဲ့ ခင်းထားပြီး လူဝင်လူထွက် မရှိဘူးဆိုရင် (၆)လကြာရင် ပျက်စီးမှာပဲ၊ ဒါကြောင့် လူစိတ်ဝင်စားမှုများတဲ့ အစီအစဉ်တွေ လုပ်ပေးရတာပါ၊ ရေရှည်တည်တံ့ဖို့ကလည်း လာလည်တဲ့သူတွေက အမှိုက်တွေ ပစ်မချဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကိုအဲလက်စ်စည်သူက ပြောသည်။

ဖွင့်ပွဲနေ့တွင် လာရောက်လည်ပတ်သူ များပြားခဲ့ပြီး ပြည်သူချစ် အနုပညာရှင်များ၏ ပုံတူပန်းချီများ၊ အနုပညာပုံရိပ်များကြောင့် လာရောက်လည်ပတ်လိုသူတွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

 “အန်တီတို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အရမ်းအောင်မြင်တဲ့ ဇာတ်ကားတွေလေ၊ ငယ်ဘဝကိုတောင် သတိရမိတယ်၊ ပန်းချီတွေက အရမ်းကောင်းတယ်” ဟု တာမွေမြို့နယ်က  လာရောက်လည်ပတ်သူ ဒေါ်တင်တင်ဝင်းက ပြောသည်။

အဆိုပါ နောက်ဖေးလမ်းကြားသည် သရုပ်ဆောင် အကယ်ဒမီ စိန်မြင့်၊ အကယ်ဒမီ ဇော်လင်းနဲ့ အကယ်ဒမီ ဆွေဇင်ထိုက်၊ ကလေးသရုပ်ဆောင် အကယ်ဒမီ အောင်ထွန်းလေးတို့ ပါဝင်သရုပ်ဆောင်ထားကြသည့် အဖေတစ်ခု၊ သားတစ်ခု ဇာတ်ကား ရိုက်ကူးခဲ့သော ရိုက်ကွင်းနေရာ တစ်ခု ဖြစ်သည်။

နောက်ထပ်  အသစ်ပြုလုပ်မည့် နောက်ဖေးလမ်းကြား နှစ်နေရာတွင်လည်း ခေတ်ဟောင်း မြန်မာ့ သဘင်၊ ဂီတ စသည့် ခေါင်းစဉ်တစ်ခုစီနှင့် YGNWALLS က ရေးဆွဲ အကောင်အထည်ဖော်ဖို့ ရှိကြောင်း သိရသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required