အမှတ် ၁ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲအနေဖြင့် လျှော့တိုက်ငါးဖမ်း လှေများကို အများဆုံးဖမ်းမိ

အမှတ် ၁ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲအနေဖြင့် လျှော့တိုက်ငါးဖမ်း လှေများကို အများဆုံးဖမ်းမိ
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

နိုဝင်ဘာ ၁၇၊ မန္တလေး။          ။ ရေကြောင်းသွားလာရေး ခရီးသွားပြည်သူများနှင့်ရေကြောင်းကုန်စည် စီးဆင်းရာတွင် လုံခြုံမှုရှိစေရေးအတွက် ဧရာဝတီ မြစ်ကမ်းတစ်လျှောက်၌ အမှတ် (၁)ရေကြောင်း ရဲ ကွပ်ကဲမှု အဖွဲ့ခွဲမှူး ရုံးမှ ဆောင်ရွက်လျှက်ရှိရာ လျှော့တိုက်ငါးဖမ်း လှေများကို အများဆုံးဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အမှတ် ၁ ရဲကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲအနေဖြင့် ၂၀၁၈ ခုနှစ်က စစ်ဆေးအရယူခဲ့သည့် အမှုများတွင် သစ်နှင့်သစ်တော ထွက်ပစ္စည်း ဖမ်းဆီးရမိမှု နှစ်မှု တရားမဝင်ကျောက်စိမ်းဖမ်းဆီးမှု တစ်မှု၊ လျှော့တိုက်ငါးဖမ်း လှေဖမ်း ဆီးမှု(၂၂)မှု ရှိခဲ့ရာ စုစုပေါင်း(၂၅)မှုရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန် ၁၉ ရက်ထိ သစ်နှင့် သစ်တောထွက်ပစ္စည်းဖမ်းဆီးရမိမှု တစ်မှုနှင့် လျှော့တိုက်ငါးဖမ်း လှေဖမ်းဆီးမှု(၂၄)မှု ရှိခဲ့ရာ စုစုပေါင်း ၂၅ မှုရှိကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

အမှတ်(၁)ရေကြောင်းရဲ ကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးအနေဖြင့် ဧရာဝတီမြစ်၏ မန္တလေးနှင့် စစ်ကိုင်းဧရိယာတွင် တပ်ဖွဲ့ဝင်ရေယာဉ် သုံးစီး အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ငါး စီး ဖြင့် နေ့စဉ် နေ့ ည ကင်းလှည့်၍ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်လျှက်ရှိသည်ဟု အမှတ်(၁)ရေကြောင်းရဲ ကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးမှ ရဲဦးစီးမှူးရုံးမှ သိရသည်။

"တပ်ဖွဲ့ဝင် ရေယာဉ် ၁၅၂ကတော့ စစ်ကိုင်းတံတားရေပြင် စစ်ကိုင်းတံတားလုံခြုံရေးနဲ့ ရွှေကြက်ယက်ဆိပ်ကမ်းတစ်ဝိုက်မှာ လုံခြံုရေး ဆောင်ရွက်လျှက်ရှိပါတယ်။ထို အတူပဲ ရေယာဉ် ၁၅၄ကတော့ မန္တလေးဆိပ်ကမ်းဖြစ်တဲ့ ဂေါဝိန်ဆိပ်ကမ်းကို အခြေပြုပြီးတော့ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် တစ်စီးထားရှိပြီးတော့ လုံခြံုရေးနဲ့တရားဥဒေစိုးမိုးရေးအတွက် ဆောင်ရွက်လျှက်ရှိပါတယ် "ဟု အမှတ် ၁ ရေကြောင်း ရဲ ကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးမှ ရဲဦးစီးမှူး ရဲမှူး မျိုးကိုကိုက မဇ္ဈိမကိုပြောသည်။

မင်းကွန်းဒေသတွင်လည်း တပ်ဖွဲ့ဝင် ရေယာဉ် ၁၅၉နှင့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် နှစ်စီးဖြင့် လုံခြုံရေးဆောင်ရွက်ပေးလျှက်ရှိသည်ဟု ရဲမှူးကဆိုသည်။

"သူတို့ လုံခြုံရေးယူပေးထားတော့ လုယက်မှုတွေ လျော့သွားတယ်။ အရင်က ဒီနေရာတွေက ဘယ်သင်္ဘော ဘယ်မော်တော် ဘယ်တွဲယာဉ်မှ သိပ်မကပ်ရဲဘူး။ တက်လုတာတွေရှိတယ်။ ညဆိုအလှည့်ကျ စောင့်အိပ်ရတယ်"ဟု ရွှေကြက်ယက်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်တင်တွဲယာဉ် မန်နေဂျာ ကိုလှမျိုးကပြောသည်။

ယခင်က ဧရာဝတီမြစ်၏ မန္တလေး စစ်ကိုင်း ဧရိယာတွင် လုယက်မှု၊ ဓါးပြ တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ ဖြစ်ပွားမှု မရှိတော့ကြောင်းလည်း ကိုလှမျိုးကဆိုသည်။

မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ကို ၂၀၁၂ခုနှစ် ဇွန်လ ၂၈ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီး အမှတ် ၁ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲကို ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်မှာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required