တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များ အသက်ဝင်ရန် အားနည်းနေ

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များ အသက်ဝင်ရန် အားနည်းနေ
ဓာတ်ပုံ - AFP

ရန်ကုန်၊နိုဝင်ဘာ ၁၆ ။         ။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များ အသက်ဝင်ရန်အတွက် အစိုးရက အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်း  လယ်ယာ ကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများနှင့် တောင်သူလယ်သမားများက  ပြောဆိုလိုက်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP )ရန်ကုန်တိုင်းဒေသကြီးမှ ဦးဆောင်ပြုလုပ်သော  တောင်သူလယ်သမားအဖွဲ့များဖွဲ့စည်းခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ House of Orchid Hotel တွင်နိုဝင်ဘာ ၁၆ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ လယ်ယာမြေအခက်အခဲ နှင့်ပတ်သက်ပြီး ဖြေရှင်းဖို့ မခက်ပါဘူး။ တည်ဆဲဥပဒေ အကုန်ရှိ ပြီသား။  ၂၀၁၂ မြေသိမ်းဥပဒေရှိတယ်။ နောက်တစ်ခုက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ပေးရေး နဲ့အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ရှိတယ်။ အရင်အစိုးရလက်ထက်ရော အခုအစိုးရလက်ထက်ရော ဥပဒေမှာပါတဲ့အတိုင်း အမှန်တကယ် ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင် လယ်သမားတွေ အခွင့် အရေးအများကြီး ရလာနိုင်တယ်။ လယ်သမားကဏ္ဍ ပိုပြီးတိုးတက်လာနိုင်တယ်။ အဲ့လိုမဟုတ်ဘဲ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ အခက်အခဲရှိတယ်။ ရှိပြီးသား ဥပဒေတွေကို လေးစားလိုက်နာဖို့ ပါတီအနေနဲ့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဥပဒေတစ်ခုက ပြဋ္ဌာန်းပြီးသွားရင် သတ်မှတ်တဲ့ရက်မှ နည်း ဥပဒေ ထွက်ရတယ်။ အရင် အစိုးရလက်ထက်တုန်းက နည်းဥပဒေက သတ်မှတ်ရက်ထက် ကျော်ပြီး မထွက်တာကြောင့် ကျွန်တော်တို့က လွှတ်တော်ကနေ အစိုးရကို တိုက်တွန်းရတယ်။ အဲ့တော့ တောင်သူ လယ်သမားနည်း ဥပဒေက ထွက်လာတယ်။ နည်းဥပဒေထွက်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက သက်ဆိုင်ရာနည်းဥပဒေကို လေးစားလိုက်နာရမယ်။ မလိုက်နာရင်တော့ ဥပဒေက ဘာမှ အသက်ဝင်မှာမဟုတ်ဘူး။ ဒီနေ့ ဒီဥပဒေက အသက်ဝင်ဖို့ ရနေပြီ ။ ဒါပေမဲ့လက်တွေ့ အစိုးရ အကောင်အထည်ဖော်ဖို့ မတွေ့ရဘူး” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ( UBP )၏  ရန်ကုန်တိုင်း ယာယီစည်းလုံးရေးတာဝန်ခံ ဦးတင်မောင်ဦး က ပြောသည်။

လက်ရှိတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင့်ရေး ဥပဒေကို တောင်သူလယ်သမားကောင်းကျိုးအတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် လိုအပ်နေသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဦးက ထောက်ပြ ပြောဆိုသည်။

“ ဒီဥပဒေက နည်းဥပဒေလည်း ထွက်ထားပြီးပြီ ။ ဒါပေမယ့် လုပ်ကိုင်ဆောင်ရွက်ထားမှုအပိုင်းက အားနည်းချက်၊ ချိုယွင်းချက်တွေတော့ ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ တောင်သူလယ် သမားတွေက ခက်ခဲဆင်းရဲဖြတ်သန်း နေရတဲ့အနေအထားကို ကျွန်တော်တို့က မြေပြင်မှာ  သိမြင် ကြားသိနေရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဒီဥပဒေကို တောင်သူလယ်သမား ကောင်းကျိုးအတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ အစိုးရအနေနဲ့ အရေးတကြီးလိုအပ်နေပါပြီ။ တောင်သူလယ် သမားတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရမယ့်အချက်တွေက အများကြီးရှိတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးနိုင်လင်းဦး က  ပြောသည်။

၂၀၁၂ လယ်ယာမြေဥပဒေရေးဆွဲပြဋ္ဌာန်းထားသော်လည်း လက်ရှိတောင်သူ လယ်သမားထု၏ အကျိုး စီးပွားကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိသောကြောင့် တောင်းသူလယ်သမားများသည် နေ့စဉ် ခြိမ်း ခြောက်ခံရ ခြင်း၊ တရားစွဲထောင်ချခံရခြင်း စသည့်အခြေအနေများရှိနေကြောင်း တောင်သူလယ်သမား တို့ထံမှ သိရသည်။

 “ ၂၀၁၂ လယ်ယာမြေဥပဒေ အသစ်ရေးဆွဲတာ ရှိတယ်။ ဒါပေမဲ့ ဒီလယ်မြေဥပဒေက ဆွဲထားပေမယ့် စာထဲမှပဲရှိတယ်။ တစ်ကယ်လက်တွေ့မှတော့ လယ်သမားတွေက လယ်သိမ်းမြေသိမ်း ကိစ္စတွေက လယ်သမားတွေဘက်ကို အခွင့်အရေးပေးထားတဲ့ ဥပဒေက အားနည်းနေတယ်။ အဲ့တော့ လယ်ရှင် ၊ အာဏာရှင်အတွက် ရပ်တည်နေတဲ့ ဥပဒေက ပိုများနေတယ်။ လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေက အဆင့်ဆင့် တိုင်ကြားရင် လယ်သမားဘက် ထိထိရောက်ရောက် ဖြေရှင်းပေးတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းဆိုတာ ဘောလီဘော ပုတ်နေသလို ဖြစ်နေတယ်။ ရပ်ကျေး ၊ မြို့နယ် ၊ တိုင်း အဆင့်ဘယ်လို့ပဲ ရှင်းရှင်း အချိန်တန်ကျရင်တိကျတဲ့အဖြေမထွက်ဘဲ သို့လော သို့လော အချိန်တွေ ကြာဒီအတိုင်းပဲပြီးသွားတယ်။ လယ်သမားတွေအတွက် ခိုင်မာတဲ့ ဥပဒေ ၊ တိကျတဲ့ ဥပဒေ လိုအပ် တယ်ဆိုတာ လယ်သမားတစ်ယောက်အနေနဲ့ တောင်းဆိုတာပါ” ဟု ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အတွင်းမှ လယ်ယာလုပ်ကိုင်သူ ကိုကျော်စိုးလွင်က ပြောသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားပြီး ဥပဒေပါ အချက်လက်များနှင့်ပတ်သက်၍ ပြင်ဆင်မှုကို၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်၂ ကြိမ်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly