တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ

တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။          ။ တပ်မတော်၏ ခပ်စိပ်စိပ်တရားစွဲဆိုလာမှုတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စိုးရိမ်မကင်းဖြစ်လာစေတယ်လို့ ရန်ကုန်တိုင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော မသက်သက်အောင်က မဇ္စျိမကို ပြောသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ခပ်စိပ်စိပ်လေးတရားစွဲဆိုလာမှုဟာ တပ်ရဲ့ အကဲဆတ်လာမှုပေါ့။ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ တပ်မတော်အနေနဲ့က ဒီလိုမျိုးအချိန်အခါမှာ သဘောထားကြီးမှု နားလည်သည်းခံနိုင်မှုရှိဖို့ ပိုပြီးလိုအပ်တယ်။ဒီလိုမျိုး ခပ်စိပ်စိပ်တရားစွဲနေတဲ့အခါကျေတာ့ ပြည်သူလူထုနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ပါ စိုးရိမ်မကင်းဖြစ်လာတယ်”ဟု မသက်သက်အောင်က ပြောသည်။

ယခုနောက်ပိုင်းတွင် တပ်မတော်မှအရပ်ဖက်အဖွဲ့အစည်းများ၊တက်ကြွလှုပ်ရှားသူများကို ခပ်စိပ်စိပ်တရားစွဲမှု များပြုလုပ်လာပြီး လက်ရှိအစိုးရသစ်လက်ထက်အတွင်းအမှုပေါင်း၂၄မှုနှင့်လူပေါင်းရ၇ ဦးထက်မနည်းကို တရားစွဲထားကြောင်းတစ်ချို့ကို ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှား မှုအဖွဲ့(အသံ) က ထုတ်ပြန်ထားသည်။

အဆိုပါတရားစွဲဆိုမှုများတွင် တပ်မတော်၏ဂုဏ်သိက္ခာကို ညိုးနွမ်းစေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွေနဲ့ တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ပြီးတပ်မတော်ကို ဝေဖန်ရေးသားမှု ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရှေ့နေကြီးဦးကြီးမြင့်၊ ကဗျာဆရာဦးစောဝေ၊ မြဝတီမင်းကြီးဆရာတော်တို့ကို တပ်မတော်က တရားစွဲဆိုထားသည်။ ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှလူငယ် ၅ ဦးနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ကိုလည်းတပ်မတော်က တရားစွဲခဲ့ပြီး လက်ရှိတွင် အလုပ်နှင့် ထောင်ဒဏ်များချမှတ်ခံထားရသည်။

“တပ်မတော်ဘက်ကတော့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေလို့ဆိုတဲ့စွပ်စွဲချက်နဲ့ပဲ စွဲကြတာ များတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ မတိုင်ခင်က ၆၆(ဃ)ကို တပ်မတော်က အများဆုံးသုံးတယ်။ဒါပေမယ့် ၂၀၁၉ မေလကနေစပြီး တပ်မတော်က ပုဒ်မ ၅၀၅(က)ကို ပြင်ပြီးအသုံးပြုလာတာကိုတွေ့ရတယ်။ ဘယ်အပေါ်မှာအခြေခံလဲဆိုတော့ ပထမ ၆၆(ဃ)ကို ၂၀၁၇ သြဂုတ်လမှာ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ ၆၆(ဃ)နဲ့ တရားစွဲဆိုတာဟာ အာမခံရခဲ့တာ ရှိတယ်။ဆိုတော့ တပ်မတော်က တရားစွဲဖို့စဉ်းစားတဲ့အခါတိုင်း သူတရားစွဲတဲ့သူကို အပြင်ကနေ ရင်ဆိုင်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်တဲ့ပုံစံမျိုးမရဘူး။တရားစွဲဆိုခံရတဲ့သူကို တစ်ခါထဲ တရားစွဲပြီးရင် တရားရုံးလာတာနဲ့ အာမခံမပေးဘဲ ထောင်ထဲထည့်လို့ရတဲ့ပုဒ်မကို ပြန်စဉ်းစားတဲ့အခါမှာ ၆၆(ဃ)က အလုပ်မဖြစ်တော့တဲ့အတွက် ၅၀၅(က)ကို ပြောင်းလဲသုံးစွဲတယ်လို့ မြင်တယ်”ဟု အသံအဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

 ရန်ကုန်တိုင်းအရပ်ဖက်အဖွဲ့အစည်းအဖွဲ့ဝင်များအပါအဝင် တက်ကြွလှုပ်ရှားသူများအပေါ် တပ်မတော်မှ တရားစွဲဆိုမှုများကို ရုတ်သိမ်းပေးရန်နှင့် အစိုးရအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အရပ်ဖက်အဖွဲ့အစည်း ၈ဝ ကျော်ပါဝင်သည့် ရန်ကုန်တိုင်းအရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်က နိုဝင်ဘာလအတွင်း တောင်းဆိုချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required