ရွှေကြွေးကျန်ကုမ္ပဏီ ၁၃၀ ကျော်ကို တရားစွဲမည်ဟု သမ္မတရုံးညွှန်ကြားရေးမှူးပြော

ရွှေကြွေးကျန်ကုမ္ပဏီ ၁၃၀ ကျော်ကို တရားစွဲမည်ဟု သမ္မတရုံးညွှန်ကြားရေးမှူးပြော
ဓာတ်ပုံ- အီးပီအေ

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။         ။ ဦးစိုးထွန်းရှိန်အပြင် အစိုးရကိုရွှေကြွေးကျန်ပေးသွင်းရန် ကျန်ရှိနေသောကုမ္ပဏီ ၁၃၀ ကျော်ကို တရားစွဲသွားရန် ပြင်ဆင်နေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“သတ္တုတွင်းဝန်ကြီးဌာနပေါ့နော်။ အစိုးရကို ပေးသွင်းရမယ့် ရွှေစင်ကျပ်သားပေါင်း တစ်သောင်းသုံးထောင် သုံးရာရှစ်ဆယ့်ခုနစ်ကျပ်သားအတွက် အရေးယူဆောင်ရွက်ထားတဲ့အခြေအေနရှိပါတယ်။အားလုံးပေါင်း ဒီကုမ္ပဏီတင်မဟုတ်ဘူး။ ရွှေကြွေးကျန်ပေးသွင်းဖို့ ကျန်တဲ့ ကုမ္ပဏီ စုစုပေါင်း ၁၅၃ ခုရှိတယ်။အဲ့ဒါကို စာရင်းရှင်းပြီး ပယ်ဖျက်မယ့်ကုမ္ပဏီ ၃၂ခုရှိတယ်။အဲ့မှာမှာ စာရင်းစစ်ချုပ်ရုံးနဲ့ ဘဏ္ဍာရေးသဘောတူညီမှု ရရှိပြီးတာက ကုမ္ပဏီ ၁၉ခုရှိတယ်။ လောလောဆယ်ဆောင်ရွက်ဆဲ ကုမ္ပဏီ၁၃ ခုရှိတယ်။အားလုံးပေါင်း ၃၂ ခုရှိတယ်။ နောက် တရားစွဲဆိုဖို့ ဆောင်ရွက်တဲ့ကုမ္ပဏီစုစုပေါင်း ၁၃၈ခုရှိတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌဖြစ်သော ဦးစိုးထွန်းရှိန်ကို သတ္တုတွင်းဥပဒေပုဒ်မဖြင့် ရမည်းသင်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

“လော်ရာနို့တစ်ပို့ထားပြီး တရားစွဲဖို့ ဆောင်ရွက်နေတာ ၁၀၄ခုရှိတယ်။ တရားစွဲဖို့ လော်ရာနို့တစ်ပို့ထားပြီးပြီ။ တရားမမှုအဆိုပြုလွှာ မူကြမ်းတင်ဖို့ ဆောင်ရွက်နေတာ ၁၆ခုရှိတယ်။ တရားစွဲဖို့ ရှေ့နေချုပ်ရုံးအပါအဝင် ကျန်တဲ့ ဥပဒေချုပ်ရုံးတွေကို ပေးပို့ထားတာ ၄ ခုရှိတယ်။ တရားစွဲထားတဲ့ ကုမ္ပဏီစုစုပေါင်းက ၁၂ခုရှိတယ်။ တရားရုံးက အမိန့်ချမှတ်ထားတာ ကုမ္ပဏီနှစ်ခုရှိတယ်။ အဲ့တော့ စာရင်းပယ်ဖျက်မယ့် ကုမ္ပဏီက၃၂ခု၊ တရားစွဲဖို့ ဆောင် ရွက်နေတာက ၁၃၈ခု၊ စုစုပေါင်း ၁၇၀။ အဲ့မှာ ကုမ္ပဏီ ၁၇ခုက ရွှေကြွေးကျန်ထပ်နေတယ်။ထပ်နေတော့ ကြွေးကျန်ကုမ္ပဏီစုစုပေါင်း ၁၅၇ခုရှိတယ်။ အဲ့ဒါတွေကို ဥပဒေကြောင်းအရ လုပ်နေတာတွေရှိပါတယ်။ ဒီကုမ္ပဏီ တစ်ခုထဲတင်လုပ်တာမဟုတ်ဘူးဆိုတာပြောချင်ပါတယ်”ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ဧက ၆ဝဝဝ ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေ ပိဿာများ မပေးဆောင်ဘဲ ရွှေတူးဖော်မှုကို တရားမဝင်ဆက် လက်လုပ်ကိုင်နေသောကြောင့် သတ္တုတွင်း ဥပဒေအပြင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတို့ဖြင့်ပါ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly